ပရီးမီးယားလိဂ်ရဲ့ ဖေဖော်ဝါရီလ အကောင်းဆုံးကစားသမားဆုကိုတော့ မန်ချက်စတာယူနိုက်တက်ရဲ့ ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ် ပိုင်ဆိုင်ခဲ့တာ ညီအစ်ကိုတွေအားလုံးလည်း သိထားကြမှာပါ။ ယူနိုက်တက်အသင်းရဲ့ ပရိသတ်မဟုတ်ဘူးဆိုရင်တောင် သင်အနေနဲ့ ဖာနန်ဒက်စ်က ဒီဆုကို ထိုက်ထိုက်တန်တန် ပိုင်ဆိုင်ခဲ့တယ်ဆိုတာကို လက်ခံမှာ သေချာပါတယ်။ အခုလည်း သူ့ကို သူနဲ့တစ်နိုင်ငံတည်းသားလည်းဖြစ် ယူနိုက်တက်အသင်းဖော်လည်းဖြစ်တဲ့ ဒါလော့က ဖာနန်ဒက်စ်ဟာ ယူနိုက်တက်ရဲ့ ဂန္တဝင်တစ်ယောက်ဖြစ်လာလိမ့်မယ်လို့ အမွှမ်းတင်ပြောဆိုလာခဲ့ပါတယ်။

 

ဖာနန်ဒက်စ်က ပြီးခဲ့တဲ့ဆောင်းရာသီကမှ စပို့တင်းလစ္စဘွန်းအသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းကို ရောက်ရောက်ချင်းမှာ ယူနိုက်တက်အတွက် အကောင်းဆုံးခြေစွမ်းတွေ ပြသနိုင်ခဲ့ပြီး အသင်းကလည်း သူရောက်လာပြီးနောက်ပိုင်း ပုံစံကောင်းတွေရကာ ရလဒ်တွေ တောက်လျှောက်ကောင်းမွန်လာခဲ့သလို သူကိုယ်တိုင်ကလည်း ဖေဖော်ဝါရီလ တစ်လလုံးစာအတွက် အကောင်းဆုံးကစားသမားဆုကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ဒါကြောင့်လည်း သူ့ကို အသင်းဖော်ဒါ့လော့က ယူနိုက်တက်ရဲ့ Lengend Player တစ်ယောက်ဖြစ်လာမယ့်သူလို့ ချီးမွမ်းပြောဆိုလိုက်တာဖြစ်ပါတယ်။

ဒါလော့က “သူက ထိပ်တန်းကစားသမားတစ်ယောက်ပဲလေ။ ဒိတ်ဒိတ်ကြဲ ကစားသမားတစ်ယောက်ပါ။ သူက ဂန္တဝင်ကစားသမားတစ်ယောက် ဖြစ်လာမယ့်သူပါ။ ဒါနဲ့ပတ်သက်လို့ သံသယဝင်စရာကို မရှိတာ။ သူက မယုံနိုင်စရာကောင်းတဲ့ ကစားသမားမျိုးပါ။ ဒီအသင်းကနေလည်း သူ့အတွက် ဒီထက်မက ပိုကောင်းမွန်လာအောင် သင်ကြားလာနိုင်ပါလိမ့်မယ်။ ဒီအသင်းအတွက်ကိုလည်း အကောင်းဆုံးသော ကစားသမားတစ်ယောက် ဖြစ်လာမှာပါ။ နောက်ပြီး သူက စပို့တင်းမှာဆိုရင် အသင်းခေါင်းဆောင်ဆိုတော့ သူ့ဆီမှာ အတွေ့အကြုံကောင်းတွေလည်း အမျုားကြီးရှိနေမှာပါ။ ပေါ်တူဂီမှာရော အီတလီမှာပါ ကစားခဲ့ဖူးသူဖြစ်လို့ သူ့ဆီမှာ နိုင်ငံပေါင်းစုံရဲ့ ဘောလုံးပညာတွေမှာ ရှိနေမှာပါ” လို့ ချီးကျူးပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲပေါင်းစုံမှာ သွင်း(၃)ဂိုး ဂိုးဖန်တီးမှု(၄)ကြိမ် ပြုလုပ်ထားခဲ့ပါတယ်။