MySport Myanmar

အခုနှစ် နွေဈေးကွက်အတွင်း ငွေကြေးသုံးစွဲမှုအများဆုံး ကလပ်အသင်း(၅)သင်း

၂၀၂၂ခုနှစ် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ကာလအတွင်း ဥရောပထိပ်တန်း အမှတ်ပေးလိဂ်(၅)ခုက ကလပ်အသင်းတွေရဲ့ လက်ရှိအချိန်ထိ အသုံးပြုထားတဲ့ ငွေကြေးသွုးစွဲမှုတွေဟာ ယူရိုတစ်ဘီလီယံကျော်အထိကို ရှိနေပြီးဖြစ်ပြီး အဲ့ဒီပမာဏရဲ့ ထက်ဝက်ကျော်ကိုတော့ ပရီးမီးယားလိဂ် ကလပ်အသင်းတွေက အသုံးပြုထားတာ ဖြစ်ပါတယ်။ လက်ရှိမှာ ဘယ်အသင်းတွေက ငွေကြေးသုံးစွဲမှု အများဆုံး ဖြစ်နေမလဲဆိုတာကိုလည်း အသေးစိတ် စုစည်းဖော်ပြပေးသွားချင်ပါတယ်။

(၅)ဒေါ့မွန်

ဟော်လန်းကို ရောင်းထုတ်ထားပြီး ကစားသမား(၆)ဦးထိ ပြန်လည်ဖြည့်တင်းထားတဲ့ ဒေါ့မွန်ဟာ ဇူလာအပါအဝင် ကစားသမား(၃)ဦးကို free transfer နဲ့ ခေါ်ယူနိုင်ခဲ့ပြီး အဒီယေမီအတွက် ယူရိုသန်း(၃၀) ရှလော့တာဘတ်ခ်အတွက် ယူရိုသန်း(၂၀)နဲ့ အော့ဇ်ချန်အတွက် ယူရို(၅)သန်း စုစုပေါင်း ယူရို(၅၅)သန်း အသုံးပြုထားပါတယ်။ ဒါ့အပြင် အေဂျက်စ်တိုက်စစ်မှူး ဟယ်လာကိုလည်း ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။

(၄)လိဒ်စ်ယူနိုက်တက်

ပြီးခဲ့တဲ့နှစ်က ပရီးမီးယားလိဂ်ကနေ တန်းဆင်းလုနီးပါး ဖြစ်ခဲ့တဲ့ လိဒ်စ်ဟာလည်း ဒီနွေမှာ အသင်းကို အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်လို့နေပြီး အာရွန်ဆန်အတွက် ယူရို(၃၂.၈၄)သန်း ခရစ္စတန်ဆန်အတွက် ယူရို(၁၃)သန်းနဲ့ မာ့ခ်ရိုကာအတွက် ယူရို(၁၂)သန်း ကစားသမား(၃)ဦးအတွက် စုစုပေါင်း ယူရို(၅၇.၈၄)သန်းအထိ သုံးစွဲထားပါတယ်။

(၃)မန်ချက်စတာစီးတီး

ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးအသင်းကတော့ အသင်းရဲ့ အလိုအပ်ဆုံးနေရာဖြစ်တဲ့ အထောင်တိုက်စစ် role အတွက် အလိုအရှိဆုံး ကစားသမား အာလင်းဟော်လန်း တစ်ဦးတည်းကိုသာ ပြောင်းရွှေ့ကြေး ယူရိုသန်း(၆၀) သုံးစွဲပြီး ခေါ်ယူထားခဲ့ပါတယ်။ ဒါပေမယ့်လည်း ကူကူရယ်လာ ကယ်လ်ဗင်ဖီးလစ်တို့ကို ထပ်မံ ခေါ်ယူဖြည့်တင်းသွားဖွယ်လည်း ရှိနေပါတယ်။

(၂)ရီးယဲလ်မက်ဒရစ်

ချန်ပီယံလိဂ် ချန်ပီယံ ရီးယဲလ်ကတော့ အန်တီနီယိုရူဒီဂါကို ချယ်လ်ဆီးအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့ပြီး မိုနာကိုအသင်းရဲ့ ပြင်သစ်ကွင်းလယ်လူ ချူအာမန်နီအတွက်ကိုသာ ပြောင်းရွှေ့ကြေးအဖြစ် ယူရိုသန်း(၈၀)အထိ အသုံးပြုထားရတာ ဖြစ်ပါတယ်။ အသင်းရဲ့ အဓိကပစ်မှတ် ဘာပေကို မရခဲ့တဲ့ ရီးယဲလ်က တိုက်စစ်ပိုင်းအတွက်ကိုလည်း အားဖြည့်တင်းဖွယ်လည်း ရှိနေပါတယ်။

(၁)လီဗာပူးလ်

မနှစ်က ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်တို့နဲ့ လွဲချော်ထားခဲ့ရတဲ့ လီဗာပူးလ်ဟာလည်း သူရဲ့ အနီးဆုံးပြိုင်ဘက် မန်စီးတီးလို no(9) role အတွက် ဥရုဂွေးကြယ်ပွင့် ဒါဝင်နူနက်ဇ်ကို ယူရို(၇၅)သန်းနဲ့ ခေါ်ယူခဲ့ပြီး ဆယ်ကျော်သက် ကစားသမားလေးတွေဖြစ်တဲ့ ကာဗယ်လ်ဟိုနဲ့ ရမ်ဆေးတို့အတွက်ကိုလည်း ယူရို(၁၀.၇၉)သန်း အသုံးပြုခဲ့ပါတယ်။ ကစားသမားသစ်တွေအတွက် လီဗာပူးလ်ဟာ စုစုပေါင်း ယူရို(၈၅.၇၉)သန်းထိ သုံးစွဲထားခဲ့ပါတယ်။

Exit mobile version