MySport Myanmar

ကမ္ဘာ့တန်ဖိုးအကြီးဆုံး ဘောလုံးသမားစာရင်းမှာ ဘာပေ ထိပ်ဆုံးနေရာက ဦးဆောင်

၁၉၉၅ခုနှစ်ကတည်းက စတင်တည်ထောင်ထားတဲ့ ဘောလုံးဈေးကွက် သုတေသနအဖွဲ့ (CIES) ကနေ ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးမားဆုံး ဘောလုံးသမားစာရင်းမှာ မကြာသေးခင်ကမှ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်လိုက်တဲ့ ပြင်သစ်တိုက်စစ်ကစားသမား ကီလီယန်အမ်ဘာပေက ပေါင်(၁၇၅)သန်းနဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေပြီး ဒုတိယနေရာမှာတော့ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား ဗင်နီဗီယပ်စ်က ပေါင်(၁၅၈)သန်းနဲ့ ရှိလို့နေပါတယ်။

Photo Credit : Daily Mail

ပြီးခဲ့တဲ့လကမှ ပီအက်စ်ဂျီအသင်းနဲ့ ၂၀၂၅ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုဖြစ်ခဲ့တဲ့ ဘာပေဟာ ဒီလို စာချုပ်သက်တမ်း တိုးမြှင့်ပြီးနောက်မှာ သူရဲ့ဝင်ငွေတွေက များစွာမြင့်တတ်လာခဲ့သလို သူရဲ့ခြေစွမ်းပိုင်းဆိုင်ရာ လက်ရှိအသက်အရွယ်နဲ့ အနာဂတ် အခြေအနေတွေကြောင့် အခုလို တန်ဖိုးအမြင့်မားဆုံး ကစားသမားအဖြစ် ရွေးချယ်ခံလိုက်ရတာ ဖြစ်ပါတယ်။ ဘာပေရဲ့အောက် ဒုတိယနေရာမှာတော့ ရီးယဲလ်နဲ့ ချန်ပီယံလိဂ်ဖလားကို ပိုင်ဆိုင်နိုင်ခဲ့ဖူးသလို မကြာခင်မှာလည်း အသင်းနဲ့ သက်တမ်းတိုးဖွယ် ရှိနေသူ ဗင်နီစီယပ်စ်က ရပ်တည်နေပြီး မန်စီးတီး တိုက်စစ်မှူးသစ် အာလင်းဟော်လန်းကတော့ တတိယနေရာမှာ ရှိနေရပါတယ်။

Photo Credit : Sports Illustrated

စတုတ္ထနေရာမှာတော့ ဘာစီလိုနာအသင်းရဲ့ လာမာစီယာ ရတနာလေးဖြစ်တဲ့ ကွင်းလယ်လူ ပတ်ဒရီ ရှိနေပြီး ဒေါ့မွန်အသင်းရဲ့ အင်္ဂလန်ကွင်းလယ်လူ ဘယ်လင်ဟမ်က တန်ဖိုးအမြင့်ဆုံး ကစားသမားစာရင်းရဲ့ ပဉ္စမနေရာမှာ ရပ်တည်နေသလို အင်္ဂလန် ကစားသမားတွေထဲ တန်ဖိုးအမြင့်ဆုံးအဖြစ်ပါ သတ်မှတ်ခံထားရပါတယ်။ ဒီကစားသမား (၅)ယောက်ရဲ့နောက်မှာတော့ မန်စီးတီးအသင်းရဲ့ ဖေးလ်ဖိုဒန် ဘာစီလိုနာအသင်းရဲ့ ဖရန့်ကီဒီဂျောင် လီဗာပူးလ်အသင်းရဲ့ လူးဝစ်ဒီယက်ဇ် မန်စီးတီးအသင်းရဲ့ ရူဘင်ဒီယက်စ်နဲ့ ဘာစီလိုနာအသင်းရဲ့ ဖယ်ရန်တောရက်စ်တို့က အဆင့်(၆)ကနေ (၁၀)ထိ အသီးသီး ရပ်တည်နေကြပါတယ်။ CIES ရဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကစားသမား အယောက်(၁၀၀)စာရင်းထဲမှာတော့ GOAT ကြီးနှစ်ဦးဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်လ်ဒိုနဲ့ လီယွန်နယ်မက်ဆီတို့ ပါဝင်နေခြင်း မရှိသလို ဒီစာရင်းထဲမှာ ပါဝင်နေတဲ့ ကစားသမားတွေဟာလည်း အနည်းဆုံး အသက်(၂၅)အောက် လက်ရှိ ခြေစွမ်းပိုင်းနဲ့ အနာဂတ် အလားအလာကောင်းတွေ ပိုင်ဆိုင်ထားသူတွေကိုသာ ရွေးချယ်ထားတာ ဖြစ်ပါတယ်။

Exit mobile version