ဘရိုက်တန်အသင်းရဲ့ နည်းပြ ဂရေဟမ်ပေါ်လ်တာက ဒီနေ့ညမှာ သူတို့အသင်းနဲ့ ရင်ဆိုင်တွေ့ဆုံသွားရမယ့် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်လ်ဒိုနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုနေကြသူများဟာ ကစားသမား တစ်ဦးချင်းစီရဲ့အကြောင်းကိုသာ အမြဲလိုလို ချဲ့ထွင်ပြီး ပြောနေသူတွေသာဖြစ်ပြီး ဘောလုံးအားကစားက တစ်ယောက်တည်း ကစားရတဲ့ အားကစားမျိုး မဟုတ်တာကို မေ့လျော့နေတတ်ကြတယ်လို့ ဝေဖန်သွားခဲ့ပါတယ်။

Cristiano Ronaldo in action for the Red Devils

Photo Credit : Sportskeeda

မကြာသေးခင်ကမှ အသက်(၃၇)နှစ်ပြည့်ထားခဲ့တဲ့ G.O.A.T ကြီးဖြစ်တဲ့ ရော်နယ်လ်ဒိုဟာ လတ်တလောမှာ သူရဲ့ဂိုးသွင်းစွမ်းရည်တွေ ကျဆင်းနေရပြီး (၆)ပွဲဆက်တိုက်အထိကို ဂိုးပေါက်ပျောက်ထားခဲ့ရပါတယ်။ ရော်နယ်လ်ဒိုနဲ့အတူ သူရဲ့ကလပ် ယူနိုက်တက်အသင်းဟာလည်း လက်ရှိမှာ ခြေစွမ်းပိုင်းရော ရလဒ်ပိုင်းပါ အကျပိုင်းကို ရောက်ရှိနေချိန် အသင်းထက် ကစားသမားတစ်ဦးချင်းစီက ပိုမိုပြစ်တင်ခံနေရပြီး ဝေဖန်ခံရဆုံး ကစားသမားတွေထဲမှာ ရော်နယ်လ်ဒိုလည်း ပါဝင်နေရပါတယ်။ ဒီအချိန်မှာ ရော်နယ်လ်ဒိုကိုပဲ ချဲ့ကား ပြောဆိုနေကြသူတွေက ဘောလုံးအားကစားဟာ အသင်းလိုက် ကစားရတဲ့ အားကစားတစ်ခုဆိုတာကို မေ့လျော့နေကြခြင်းသာ ဖြစ်တယ်လို့ ဂရေဟမ်ပေါ်လ်တာက မှတ်ချက်ပြုလိုက်ပါတယ်။

Graham Potter quips he needs Brighton 'history lesson' after fans' boos

Photo Credit : The42

ဂရေဟမ်ပေါ်လ်တာက “ခင်ဗျားတို့က သူရဲ့ကစားသမားဘဝအတွင်း ရယူနိုင်ခဲ့တာတွေနဲ့ သူ ဘယ်လိုကစားသမားမျိုးလဲဆိုတာကို လွတ်ထွက်သွားခဲ့ရတယ်။ သူ့မှာ လုံးဝကို အံ့သြစရာကောင်းတဲ့ ဘောလုံး Career တစ်ခု ရှိခဲ့တယ်။ World Class အဆင့်ပါ။ တစ်ခါတစ်ရံကျရင် အသင်းတစ်သင်းက ဂိုးမသွင်းနိုင်တဲ့အခါ အဲ့ဒီအသင်းအတွက် ကွင်းထဲမှာ ပါဝင်ကစားနေတဲ့ တိုက်စစ်ကစားသမားတွေကိုပဲ ချဲ့ကားတတ်ကြပါတယ်။ ငါတို့အသင်းမှာဆိုရင် ဥပမာ နေးလ်မူပေးလိုပေါ့။ ကျွန်တော်မြင်တွေ့နေရတာက ရော်နယ်လ်ဒိုမှာ ရှိနေတဲ့ အရည်အသွေးတွေနဲ့ အသင်းနဲ့ အစုအဖွဲ့အတွက် သူသယ်ဆောင်လာတဲ့ အရည်အသွေးတွေပါ။ ဒါတွေက ကျွန်တော်တို့ ခင်ဗာျးတို့လည်း မြင်နိုင်ပါလိမ့်မယ်။ ကျွန်တော် သူနဲ့ တစ်ကြိမ်မှ မရင်ဆိုင်ခဲ့ဖူးပါဘူး။ အမြဲတမ်း အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ဖြစ်တဲ့သူနဲ့ ယှဉ်ပြိုင်သွားဖို့က ကျွန်တော်တို့ ကစားသမားအတွက် စမ်းသပ်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်” လို့ မှတ်ချက်ပြု ပြောဆိုလိုက်ပါတယ်။ ရော်နယ်လ်ဒိုဟာ လက်ရှိမှာ (၆)ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးနေရပေမယ့် ဒီရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး(၁၄)ဂိုး သွင်းယူထားခဲ့ပြီး ယူနိုက်တက်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေပါတယ်။