မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာဆိုးလ်ရှားက သူ့အသင်းအနေနဲ့ မနေ့ညက ပွဲစဉ်အတွင်းမှာ ဝုလ်ဗ်အသင်းကို မားကပ်ရပ်ဖိုဒ့်ရဲ့ နောက်ကျသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားရဲ့ ဒုတိယနေရာကို တတ်လှမ်းလာခဲ့ကာ လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းကို လိုက်လံဖိအားပေးထားနိုင်ခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာ အမှတ်ပေးချန်ပီယံဆုအကြောင်းကို ပြောဆိုဆွေးနွေးဖို့ဆိုတာက အချိန်စောနေသေးတယ်လို့ မှတ်ချက်ပြုပြောဆိုလိုက်ပါတယ်။

Photo Credit : Getty Image

ဆိုးလ်ရှားရဲ့ ယူနိုက်တက်အသင်းဟာ ဒီနောက်ပိုင်းပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေ ဆက်တိုက်ရယူနိုင်ခဲ့သလို ပြိုင်ဘက်အသင်းတွေကလည်း ရလဒ်တိမ်းစောင်းမှုတွေ ရှိနေခဲ့ရတာကြောင့် အခုဆို ယူနိုက်တက်အသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့်(၂)နေရာထိကို တတ်လှမ်းလာနိုင်ခဲ့ရပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး နည်းပြဆိုးလ်ရှားက “ပွဲစဉ်(၁၅)ပွဲပဲ ပြီးသေးတဲ့အချိန်မှာ ချန်ပီယံဆုအတွက် အားပြိုင်မှုတွေဆိုတာ ဘာမှမရှိသေးပါဘူး။ ဒါပေမယ့် နောက်ထပ် ပွဲစဉ်(၁၅)ပွဲလောက် ကစားလို့အပြီး ပွဲစဉ်(၃၀)လောက်ကို ရောက်သွားတဲ့အခါကျရင် ကျွန်တော်တို့တွေ ချန်ပီယံဆုအကြောင်းကို စတင်ပြောဆိုဆွေးနွေးလို့ ရလာပါလိမ့်မယ်”

Photo Credit : Goal

“ဒါပေမယ့် ယုံကြည်မှုတွေကတော့ ရှိနေပါပြီ။ ကျွန်တော်တို့အားလုံးက ဘယ်အသင်းနဲ့ ဘယ်နေရာမှာပဲ ကစားရ ကစားရ အနိုင်ကစားမယ်ဆိုတဲ့ စိတ်တွေကို ရိုက်သွင်းထားပြီးသားပါ။ အဝေးကွင်းတွေမှာ ကျွန်တော်တို့တွေ ဘာတွေကို လုပ်ဆောင်နိုင်လဲဆိုတာကို ပြသနိုင်ခဲ့သလို အိမ်ကွင်းစွမ်းဆောင်ရည်တွေကလည်း တဖြည်းဖြည်းနဲ့ တိုးတတ်လာခဲ့တယ်။ ရလဒ်ကတော့ ကျွန်တော်တို့ရဲ့ ယုံကြည်မှုတွေ ခံယူချက်တွေကို ပိုမိုကြီးထွားလာစေပါတယ်” လို့ မှတ်ချက်ပြုပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီနှစ်ဘောလုံးရာသီအစမှာ ရလဒ်တွေ တိမ်းစောင်းခဲ့ပြီး အမှတ်ပေးဇယားအောက်နားကို ရောက်ရှိခဲ့ပေမယ့်လည်း အချိန်မှီ ပြန်လည်ပြင်ဆင်နိုင်ခဲ့လို့ ခြေစွမ်းတွေရော ရလဒ်ပိုင်းတွေပါ တိုးတတ်လာခဲ့ရသလို အမှတ်ပေးဇယားရဲ့ ဒုတိယနေရာထိကိုပါ ရောက်ရှိလာခဲ့ရပါတယ်။ ဒါ့အပြင် အသင်းရဲ့ အဓိကအကျဆုံး ကစားသမားတစ်ဦးဖြစ်တဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ဟာလည်း ပွဲတိုင်းမှာ သူ့ရဲ့အရည်အသွေးကောင်းတွေကို ထုတ်ဖော်ပြသနိုင်ခဲ့သလို ဒီနှစ်ဖေဖော်ဝါရီလကနေ ဒီဇင်ဘာလအထိ အသင်းအတွက် သူပါဝင်ပတ်သက်ခဲ့တဲ့ သွင်းဂိုးပမာဏကလည်း (၃၂)ဂိုး (သွင်းဂိုး၁၈ဂိုးနဲ့ ဂိုးဖန်တီးမှု၁၄ဂိုး)အထိ ရှိထားခဲ့ပြီး တခြားကစားသမားတွေထက် အသင်းကို အကျိုးအပြုနိုင်ဆုံး ကစားသမားတစ်ယောက် ဖြစ်လို့နေပါတယ်။