ဘရန့်ဖို့ဒ်အသင်းရဲ့ အင်္ဂလန် တိုက်စစ်ကစားသမား အိုင်ဗန် တိုနေးကတော့ သူရဲ့ အနာဂတ် အခြေအနေနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ ကလပ်အသင်းကြီး တစ်သင်းသင်းဆီကို ပြောင်းရွှေ့ပြီး ဆုဖလား အောင်မြင်မှုတွေအတွက် တိုက်ပွဲဝင်သွားချင်တယ်လို့ ဖွင့်ဟ ပြောဆိုလိုက်ပါတယ်။

အသက် (၂၇)နှစ်အရွယ် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး တိုနေးက လောင်းကစားမှုကြောင့် ဘောလုံးကစားခြင်းကနေ (၈)လအထိ ပိတ်ပင်ခံထားရပေမယ့်လည်း ဒီပွဲပယ်ပြစ်ဒဏ်က မနေ့ကပဲ အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit : TEAMtalk

ဒီလို ပွဲပယ်မခံရခင် တိုနေးက သူရဲ့ ဘရန့်ဖို့ဒ်အသင်းအတွက် ပရီးမီးယားလိဂ်မှာ တစ်ရာသီတည်း သွင်းဂိုး (၂၀)အထိတောင် သွင်းယူထားနိုင်ခဲ့တာကြောင့် တိုနေး ပွဲပယ်ခံနေစဉ်အတွင်းမှာပဲ ပရီးမီးယားလိဂ် ထိပ်သီးကလပ်တွေက တိုနေးကို ခေါ်ယူဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေခဲ့ပါတယ်။

တိုနေးကို ခေါ်ယူဖို့ စိတ်ဝင်အစားဆုံး အသင်းကတော့ အာဆင်နယ်အသင်းဖြစ်ပြီး တိုနေးကိုလည်း သူတို့အသင်းရဲ့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားပေမယ့် ဘရန့်ဖို့ဒ်ဘက်ကတော့ သူတို့ရဲ့ အဓိက ကစားသမားကို အခုဈေးကွက်အတွင်းမှာ ရောင်းထုတ်သွားဖို့ ဆန္ဒမရှိပဲ ဖြစ်နေပါတယ်။

Photo Credit : SportsMax

တိုနေးကတော့ သူ့အနာဂတ်နဲ့ ပတ်သက်ပြီး “ကျွန်တော်က ထိပ်တန်းအသင်းတစ်သင်းမှာ ကစားချင်ပြီး ဆုဖလားတွေအတွက် တိုက်ပွဲဝင်ချင်တယ်ဆိုတာ သိသာထင်ရှားပါတယ်။ အသင်းတစ်သင်းက ကျွန်တော့်အတွက် မှန်ကန်တဲ့ ကမ်းလှမ်းမှုတွေ ရှိလာမယ်ဆိုရင် ဘယ်သူသိနိုင်မလဲ။”

“ဇန်နဝါရီ ဒါမှမဟုတ် ဈေးကွက် တစ်ခုခုမှာ အပြောင်းအရွှေ့က ဖြစ်သွားနိုင်တာပဲလေ။ အဲ့ဒီအတွက်လည်း ကျွန်တော့်ဘက်က အဆင်သင့်ဖြစ်နေပါတယ်။ ကျွန်တော် အခု ပျော်ပျော်ရွှင်ရွှင်နဲ့ ဘောလုံးဆက်ကစားသွားချင်ပါတယ်။” လို့ တိုနေးက ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။