MySport Myanmar

ကစားသမားဘဝအတွင်း ပထမဦးဆုံးအကြိမ် အနီကတ် ပြခံခဲ့ရတဲ့ တိုနီကရူးစ်

ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ဟီရိုနာအသင်းတို့ တစ်ဖက်တစ်ဂိုးစီ သရေကျသွားခဲ့တဲ့ စပိန်လာလီဂါ ပွဲစဉ်အတွင်း ပွဲပြီးဆုံးခါနီးမှာ အိမ်ရှင်ရီးယဲလ်ရဲ့ ကွင်းလယ်ကစားသမား တိုနီကရူးစ်က (၂)ဝါ(၁)နီ ပြသခံခဲ့ရပြီး အထုတ်ပယ်ခံလိုက်ရပါတယ်။ ပွဲပြီးခါနီးမှ ထုတ်ပယ်ခံလိုက်ရတာက ဘာပြသနာမှ မရှိခဲ့ပေမယ့် အခုလို အနီကတ် ပြသခံရခြင်းကတော့ ကရူးစ်ရဲ့ ကစားသမားဘဝအတွင်း ပထမဆုံးအကြိမ် ဖြစ်သွားခဲ့ရပါတယ်။

Photo Credit : Yahoo Sports

အသက်(၃၂)နှစ်အရွယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ ဂျာမနီ ကွင်းလယ်ကစားသမား ကရူးစ်ဟာ အသက်(၁၇)နှစ်သား အရွယ်မှာပဲ သူရဲ့စီနီယာ ဘောလုံးသမားဘဝကို စတင်နိုင်ခဲ့ပြီး အဲ့ဒီအချိန်ကနေ ပွဲပေါင်း(၇၀၀)ကျော်လောက်အထိ ကစားခဲ့ရပေမယ့် အံ့အားသင့်စရာကောင်းလောက်အောင်ပဲ ကစားသမားဘဝအတွင်းမှာ အနီကတ်ပြစ်ဒဏ်ဆိုတာကို တစ်ကြိမ်မှ မရရှိခဲ့ဖူးသူ ဖြစ်ပါတယ်။ ဒီလို ပြစ်ဒဏ်မရှိအောင် ကစားနိုင်ခဲ့သူ ကရူးစ်ဟာ ဟီရိုနာနဲ့ ပွဲစဉ်မှာတော့ ဟီရိုနာ ကွင်းလယ်လူ ဂါဆီယာကို ကစားပုံ ကြမ်းတမ်းမိခဲ့ရာကနေ ဒုတိယ အဝါကတ်ပြခံရပြီး (၂)ဝါ(၁)နီနဲ့ ပွဲကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။

Photo Credit : ESPN

ဟီရိုနာနဲ့ ပွဲစဉ်မတိုင်ခင် ဒီရာသီအတွင်း သူပါဝင်ကစားထားခဲ့တဲ့ လာလီဂါ (၉)ပွဲအတွင်းမှာ အဝါကတ် တစ်ကြိမ်မှတောင် မပြသခံထားခဲ့ရတဲ့ ကရူးစ်ဟာ ပထမဆုံး အဝါပြခံခဲ့ရတဲ့ ပွဲစဉ်မှာပဲ နောက်ထပ် အဝါတစ်ကတ်ပါ ထပ်မံ ပြသခံခဲ့ရရင်း အနီကတ်ပြစ်ဒဏ်ထိ ရောက်ရှိသွားခဲ့ရတာ ဖြစ်ပါတယ်။ ကစားသမားဘဝရဲ့ ပထမဆုံး အနီကတ်ပြစ်ဒဏ်ကြောင့် ကရူးစ်ဟာ လာမယ့်တစ်ပတ် ဗယ်လက်ကာနိုအသင်းနဲ့ ရင်ဆိုင်သွားရမယ့် လာလီဂါပွဲစဉ်ကို လွဲချော်ရတော့မှာဖြစ်ပြီး အသင်းက (၂)မှတ် ဆုံးရှံးခဲ့ရသလို ဒီလိုပွဲမျိုးမှာပါ ကိုယ်တိုင်က ကစားသမားဘဝရဲ့ ပထမဆုံး အနီကတ်ကို ပြသခံလိုက်ရတာကြောင့် ကရူးစ်အတွက် အတော်လေး စိတ်ပျက်စရာ ဖြစ်သွားစေမှာတော့ သေချာပါတယ်။ ဒါပေမယ့် ဒီအနီကတ်ဟာ ကရူးစ်အတွက်တော့ ကစားသမားဘဝအတွင်း ပထမဆုံးနဲ့ နောက်ဆုံးသော အနီကတ်လည်း ဖြစ်သွားနိုင်ဖွယ် ရှိနေပါတယ်။

Exit mobile version