ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဂျာမဏီအသင်းတို့ရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ တိုနီကရူးစ် ကတော့ သူ့ရဲ့ အသင်းဖော်ဟောင်း ရိုနယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း သူ့ရဲ့ ထင်မြင်ချက်ကို ထုတ်ဖော် ပြောကြားသွားပါတယ်။

အသက် ၃၆နှစ် အရွယ် ပေါ်တူဂီနဲ့ ဂျူဗင်တပ်အသင်းတို့ရဲ့ တိုက်စစ်မှူး ရိုနယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၅ကြိမ်တိုင် ရရှိထားသူ တဦး ဖြစ်ပြီး လက်ရှိအထိလည်း ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦးအဖြစ် ရှိနေဆဲပါ။

Photo Credit: Sport Bible

တိုနီကရူးစ်နဲ့ ရိုနယ်ဒိုတို့ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ကာလရှည် တွဲဖက် ကစားခဲ့ဖူးသူတွေ ဖြစ်ပြီး သမိုင်းတလျှောက် ပထမဦးဆုံး အကြိမ် အဖြစ် ချန်ပီယံလိဂ်ဖလားကို ၃နှစ် ဆက်တိုက် ရယူနိုင်ခဲ့တဲ့ ရီးရဲလ် မက်ဒရစ်အသင်းရဲ့ ထောက်တိုင် ကစားသမားတွေလည်း ဖြစ်ခဲ့သူတွေပါ။

ဒါကြောင့်ပဲ သူတို့နှစ်ဦးဟာ အရင်းနှီးဆုံး မိတ်ဆွေတွေ ဖြစ်ကြပြီး နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ မက်ဆီနဲ့ ရိုနယ်ဒို ဘယ်သူက ပိုကောင်းလဲ ဆိုတဲ့ မေးခွန်းကို ဖြေရချိန်မှာတော့ တိုနီကရူးစ်က ရိုနယ်ဒိုကသာ အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Sport Bible

တိုနီကရူးစ်က – “ကျွန်တော် ဘောလုံးစကစားတဲ့ အချိန်ကနေ စပြီး အခုထိတော့ ရိုနယ်ဒိုကသာ အကောင်းဆုံး ကစားသမားပါ။ ကျွန်တော့်မှာ သူနဲ့ ပတ်သတ်ပြီး အစွဲလေးတွေ ရှိနေတယ်လို့ ပြောရင်လည်း မငြင်းပါဘူး။ ဘာလို့လည်းဆိုတော့ သူက ကျွန်တာ်တို့ကို ဆုဖလားများစွာ ရယူနိုင်အောင် အဓိက ကူညီပေးခဲ့တယ်လေ” လို့ ဖြေကြားခဲ့တာပဲ ဖြစ်ပါတယ်။