MySport Myanmar

တစ်ချိန်ချိန်မှာ ရီးယဲလ်အသင်းဆီ သေချာပေါက် ပြန်လာခဲ့မယ်လို့ တိုနီ ကရူးစ် ဖွင့်ဟ

မကြာသေးခင်ကမှ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကနေ အနားယူထားခဲ့တဲ့ ရီးယဲလ် မက်ဒရစ်အသင်းနဲ့ ဂျာမနီအသင်းတို့ရဲ့ ဂန္တဝင် ကစားသမားဟောင်း တိုနီ ကရူးစ်က တစ်နေ့နေ့ တစ်ချိန်ချိန်မှာ သူ့အသင်းဟောင်း ရီးယဲလ်အသင်းဆီကို သေချာပေါက် ပြန်လာခဲ့မယ်လို့ ပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။

အသက် (၃၄)နှစ်သာ ရှိသေးတဲ့ ကွင်းလယ်ကစားသမား ကရူးစ်ဟာ ရီးယဲလ်နဲ့အတူ ၂၀၂၃-၂၄ ဘောလုံးရာသီကို ဖြတ်သန်းခဲ့ပြီး ယူရို-၂၀၂၄ ပြိုင်ပွဲမှာပါ ဂျာမနီနဲ့အတူ ဝင်ရောက် ဆင်နွဲခဲ့ပြီးမှ သူရဲ့ ဘောလုံးသမားဘဝကို တရားဝင် အဆုံးသတ်သွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : Reddit

ဘိုင်ယန်မြူးနစ်မှာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို စတင်ခဲ့တဲ့ ကရူးစ်ဟာ ၂၀၁၄မှာပဲ ရီးယဲလ်အသင်းဆီ ရောက်ရှိလာခဲ့ပြီး ရီးယဲလ်မှာ ဆယ်စုနှစ်တစ်ခုအထိ ပါဝင်ကစားသွားခဲ့သလို ဆုဖလား အောင်မြင်မှုပေါင်းများစွာကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ လက်ရှိမှာ ကရူးစ်လို ကစားသမားတစ်ဦး လက်လွတ်ခဲ့ရတဲ့ ရီးယဲလ်က ကွင်းလယ်မှာ ဟာကွက်ပေါင်းများစွာ ဖြစ်ပေါ်နေရပါတယ်။

ကရူးစ်က ရီးယဲလ်အသင်းကို အလွန် ချစ်မြတ်နိုးသူဖြစ်ပြီး ရီးယဲလ်ကိုလည်း သံယောဇဉ် ရှိလွန်းသူ ဖြစ်ကြောင်း အားလုံးက သိထားကြသလို ကရူးစ်ကိုယ်တိုင်ကလည်း ရီးယဲလ်နဲ့ ပတ်သက်ပြီး “ရီးယဲလ် မက်ဒရစ်ရဲ့ အရေးပါမှုက ကျွန်တော့်အတွက် အမြဲတမ်း ထပ်တူရှိနေမှာပါ။ ဒါက ရှည်လျားတယ်။ ကြီးကျယ်ခမ်းနားတယ်။ အောင်မြင်ပြီး ချစ်ခင်မြတ်နိုးမှုလည်း ရှိခဲ့တယ်။ ဒါတွေဟာ အမြဲတမ်းပဲ ရှိနေမှာ။”

Photo Credit : Goal

“ဒီအသင်းနဲ့ အမြဲတမ်း နီးစပ်နေမယ်လို့ ခံစားနေမိမှာ သံသယ မရှိနိုင်ပါဘူး။ ကျွန်တော် အမြဲတမ်း ဒီအသင်းဘက်က ရပ်တည်မယ်။ ဒီအသင်းကို ကာကွယ်နေမယ်။ ဒါက မပြောင်းလဲသွားဘူး။ အသင်းနဲ့ ကျွန်တော့်ကြားက ဆက်ဆံရေးကလည်း အရမ်း နီးစပ်ပါတယ်။ ဒါကြောင့်ပဲ ဒီကလပ်အသင်းနဲ့ ပတ်သက်ပြီး ဘယ်လို အလုပ်ပဲ လုပ်ဆောင်ရပါစေ ကျွန်တော့်ဘက်က ငြင်းဆန်မှာ မဟုတ်ဘူး။”

“တစ်ချိန်ချိန်မှာတော့ ကျွန်တော့်ကို ရီးယဲလ်အသင်းရဲ့ ရာထူးတစ်ခုခုမှာ ပြန်လည် မြင်တွေ့နိုင်မှာ အသေအချာပါပဲ။” လို့ ပြောဆိုသွားခဲ့ပါတယ်။ ကရူးစ်ဟာ ဘောလုံးသမားဘဝကနေ အနားယူခဲ့ပေမယ့် ဘောလုံးနဲ့ ပတ်သက်တဲ့ အလုပ်တွေကို ဆက်လက် လုပ်ကိုင်နေဆဲဖြစ်ပြီး ဂျာမနီမှာ ညီအစ်ကိုဖြစ်သူ ဖီးလစ်နဲ့ ဘောလုံးအကယ်ဒမီတွေ ဖွင့်လှစ်လျက် ရှိနေပါတယ်။

Exit mobile version