စပိန်လာလီဂါနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတို့ရဲ့ လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက ကွင်းလယ်လူ တိုနီကရူးစ်က ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ ဘောလုံးသမား ဘဝကနေ အနားယူဖို့ စဉ်းစားနေကြောင်း နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Relevo သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၃၂နှစ် အရွယ်သာ ရှိသေးတဲ့ ဂျာမဏီ လက်ရွေးစင် ကွင်းလယ်လူ တိုနီကရူးစ်က ၂၀၁၄ခုနှစ်မှာ ဘိုင်ယန်မြူးနစ်ကနေ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ အဓိက ကွင်းလယ်လူ တဦး အဖြစ် ခြေစွမ်းပြ ကစားထားနိုင်သူ ဖြစ်ပြီး မိုဒရစ် ၊ ကတ်စ်မဲရိုးနဲ့ တွဲဖက်ကာ ရီးရဲလ်မက်ဒရစ်ကို ဦးဆောင် မောင်းနှင်နိုင်သူလည်း ဖြစ်ပါတယ်။

Photo Credit: Marca

စနိုက်ပါလို့ နာမည်ပြောင် ပေးခံထားရတဲ့ တိုနီကရူးစ်ဟာ ဘောလုံးပေးပို့မှု တိကျလွန်းသူ ဖြစ်ပြီး သူ့ရဲ့ အနေအေးမှု ၊ အသင်းဖော်တွေ အပေါ် အမြဲတမ်း အားပေး ကူညီတတ်မှုတို့ကြောင့်ပဲ ရီးရဲလ်မက်ဒရစ် ပရိသတ်တွေတင်မကပဲ ကမ္ဘာ့ဘောလုံးပရိသတ်တွေရဲ့ အချစ်တွေကို ရထားတဲ့ ကမ္ဘာ့အဆင့် ကွင်းလယ်လူ တဦးပါ။

တိုနီကရူးစ်က ရီးရဲလ်မက်ဒရစ်ရဲ့ မရှိမဖြစ် ကွင်းလယ်လူ တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပေမယ့် ရီးရဲလ်မက်ဒရစ်နဲ့ သူ့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေပြီး ရီးရဲလ်မက်ဒရစ်က တိုနီကရူးစ်ကို စာချုပ်သစ် ချုပ်ဖို့ စဉ်းစားနေပေမယ့် တိုနီကရူးစ်ကတော့ သူ့ရဲ့ ကစားသမား ဘဝကို အောင်မြင်မှုတွေနဲ့ အဆုံးသတ်ဖို့ စဉ်းစားနေပါတယ်။

Photo Credit: Marca

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Relevo သတင်းဌာနရဲ့ ဖော်ပြချက်အရ တိုနီကရူးစ်က ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ၂၀၂၃ခုနှစ်မှာ ကစားသမားဘဝကို အဆုံးသတ်ဖို့ စဉ်းစားနေပြီး သူ့ရဲ့ စိတ်ကူးတွေ အကြောင်းကို အသင်းဖော်တွေအား အကြိမ်ရေများစွာ ထုတ်ဖော် ပြောကြားထားကာ သူ့ရဲ့ ကြံ့ခိုင်မှု အနေအထား အပေါ် မူတည်ပြီး ဆက်ကစားမလား ၊ နားမလား ဆိုတာကို ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်ကတော့ သူတို့အသင်းရဲ့ အဓိက ကွင်းလယ်လူ တိုနီကရူးစ်ကို အသင်းမှာပဲ ဆက်လက် ရှိနေစေချင်ပြီး တိုနီကရူးစ်ရဲ့ ဆုံးဖြတ်ချက် ပြောင်းလဲသွားအောင်လည်း စည်းရုံးသွားဖို့ စီစဉ်ထားကြောင်းလည်း Relevo သတင်းဌာနက ဆိုပါတယ်။