MySport Myanmar

ဖြစ်နိုင်ရင် ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းချင်တယ်လို့ ပြောလာတဲ့ ဘရန့်ဖို့ဒ်ကြယ်ပွင့် တိုနေး

ပရီးမီးယားလိဂ် ကလပ်အသင်း တသင်း ဖြစ်တဲ့ ဘရန့်ဖို့ဒ်ရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် ၊ အဓိက တိုက်စစ်မှူးလည်း ဖြစ်တဲ့ အိုင်ဗန် တိုနေးက သူသာ လာမယ့် နွေဈေးကွက်မှာ စိတ်ကြိုက် အပြောင်းအရွှေ တခု လုပ်ခွင့် ရမယ် ဆိုရင် လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ချင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် ပူပူနွေးနွေး အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး အိုင်ဗန် တိုနေးက လောင်းကစားလုပ်မိခဲ့တာကြောင့် ကာလရှည် ပွဲပယ်ပြစ်ဒဏ် ကျခံခဲ့ရပေမယ့် ပွဲပယ်ပြစ်ဒဏ် ကနေ လွတ်လာပြီးနောက် ခြေစွမ်းကောင်းတွေ ဆက်တိုက် ပြသထားနိုင်တာကြောင့် အင်္ဂလန်အသင်းရဲ့ လူစာရင်းထဲမှာ ပါဝင်ခွင့် ရထားပါတယ်။

Photo Credit: Goal

အိုင်ဗန် တိုနေးက ယခုနှစ် ဘောလုံးရာသီမှာ ဘရန့်ဖို့ဒ် အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁၀ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၄ဂိုး သွင်းယူထားနိုင်ပြီး သူ ပြန်လည် ပါဝင်လာတဲ့ အချိန်မှာ ဘရန့်ဖို့ဒ်ရဲ့ တိုက်စစ်စွမ်းဆောင်ရည်က သိသိသာသာ တိုးတက်လာခဲ့ပါတယ်။

အိုင်ဗန် တိုနေးက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း ဘရန့်ဖို့ဒ် အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၂၀ဂိုး သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၄ကြိမ် အထိ ရရှိခဲ့ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ပရီးမီးယားလိဂ် ထိပ်သီးကလပ်တွေ ဖြစ်ကြတဲ့ ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

Photo Credit: Football 365

Sky Sports သတင်းဌာနနဲ့ လုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ သတင်းထောက်က အိုင်ဗန် တိုနေးကို သူ စိတ်ကူးထားတဲ့ နွေဈေးကွက်အကြောင်းကို ပြောပြပါလို့ မေးမြန်းခဲ့ရာ အိုင်ဗန် တိုနေးက ဖြစ်နိုင်မယ် ဆိုရင် သူဟာ လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ချင်တယ်လို့ ဆိုလာပါတယ်။

အိုင်ဗန် တိုနေးက – “နွေရာသီမှာ ကျွန်တော်က ယူရိုပြိုင်ပွဲကို အင်္ဂလန်နဲ့အတူ ဝင်ပြိုင်မယ်။ ပြီးရင် ကျွန်တော်တို့က ယူရိုချန်ပီယံ ဖြစ်မယ်။ ဘရန့်ဖို့ဒ်က ကျွန်တော့်ကို ရောင်းချရာ ကနေ ငွေတွေ အများကြီး ရမယ်။ ကျွန်တော်ကတော့ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းမယ်။ ဒါပါပဲ” လို့ သူ့ရဲ့ စိတ်ကူးယဉ် နွေဈေးကွက်ကို ဖွင့်ဟ ပြောပြသွားခဲ့တာပါ။

Exit mobile version