MySport Myanmar

အသနားခံစာ တင်တာ အောင်မြင်ခဲ့တာကြောင့် ၁၀လသာ ပွဲပယ်ခံရတော့မယ့် တိုနယ်လီ

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် နယူးကာဆယ်ရဲ့ အဓိက ကွင်းလယ်လူ တိုနယ်လီက သူ ကျူးလွန်ခဲ့တဲ့ လောင်းကစားမှု အတွက် အသနားခံစာ တင်ခဲ့ရာ အောင်မြင်ခဲ့တာကြောင့် ၁၀လ ဝန်းကျင်သာ ပွဲပယ်ခံရတော့မယ်လို့ အီတလီ အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၃နှစ် အရွယ် အီတလီ လက်ရွေးစင် ဗဟိုကွင်းလယ်လူ တိုနယ်လီက ထိပ်တန်း ကွင်းလယ်လူ တဦး ဖြစ်ပြီး သူက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အေစီမီလန် ကနေ နယူးကာဆယ်ဆီ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပါတယ်။

Photo Credit: The Sun

တိုနယ်လီက နယူးကာဆယ်ဆီ ရောက်ရှိပြီးနောက် ဘရူနို ဂွီမာရေးစ်နဲ့ ပူးပေါင်းကာ နယူးကာဆယ်ရဲ့ ကွင်းလယ်ကို အကောင်းဆုံး ထိန်းကျောင်းပြခဲ့သလို လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဗဟိုကွင်းလယ်လူ ၁၀ဦး စာရင်းထဲမှာလည်း ပါဝင်နေပါတယ်။

တိုနယ်လီက သူ့ဘဝရဲ့ အအောင်မြင်ဆုံး အခိုက်အတန့်တွေကို ပိုင်ဆိုင်နေပေမယ့် အေစီမီလန်မှာ ကစားခဲ့စဉ်က ဘောလုံးပွဲတွေ လောင်းခဲ့မိတာကြောင့် တိုနယ်လီဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ် အတွင်းမှာ အီတလီ အာဏာပိုင်တွေရဲ့ စုံစမ်း စစ်ဆေးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

Photo Credit: Mirror

တိုနယ်လီ အပါအဝင် အီတလီ လက်ရွေးစင်အသင်းရဲ့ ကစားသမား အများအပြားက ဘောလုံးပွဲတွေ လောင်းရတာကို စွဲလန်းနေကြပြီး တိုနယ်လီဟာ သူ ကစားခဲ့တဲ့ အေစီမီလန်ရဲ့ ပွဲစဉ်တွေကိုပါ လောင်းခဲ့မိတာကြောင့် အနည်းဆုံး ၁၈လ ကနေ အများဆုံး ၃နှစ် အထိ ကာလရှည် ပွဲပယ်ခံဖို့ နီးစပ်ခဲ့ပါတယ်။

နာမည်ကြီး အီတလီ သတင်းထောက် ပက်ဒူလာရဲ့ ဖော်ပြချက်အရ တိုနယ်လီရဲ့ ရှေ့နေတွေက သူ့ရဲ့ ကစားသမား အတွက် အသနားခံစာ တင်ခဲ့ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့က အဆိုပါ အသနားခံစာကို လက်ခံခဲ့ပြီး တိုနယ်လီကို ၁၀လ ပွဲပယ်ပြစ်ဒဏ်နဲ့ လောင်းကစားစွဲလန်းမှုကို ဖြေရှင်းဖို့ ဆေးဘက်ဆိုင်ရာ အကူအညီ ရယူရန် စတဲ့ ပြစ်ဒဏ်တွေ ချမှတ်ဖို့ ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။

Exit mobile version