အီတလီစီးရီးအေပြိုင်ပွဲမှာ ဘရက်စီယာအသင်းနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသလို့နေတဲ့ အီတလီလူငယ်ကစားသမားလေး ဆန်ဒရိုတိုနယ်လီကို ဂျုဗင်တပ်စ် အင်တာမီလန် အေစီမီလန်အသင်းတွေအပြင် ပရီးမီးယားလိဂ်နဲ့ စပိန်လာလီဂါထိပ်သီးအသင်းတွေကလည်း အပြိုင်စိတ်ဝင်စားနေခဲ့ပေမယ့်လည်း ကစားသမားကိုယ်တိုင်က တခြားအသင်းတွေမှာ သွားရောက်ကစားဖို့ထက် သူအားပေးခဲ့ရတဲ့ မီလန်အသင်းကိုပဲ ရွေးချယ်ဖို့ပဲ ဆုံးဖြတ်ခဲ့တယ်လို့ ဘရက်စီယာအသင်း ဥက္ကဌဖြစ်သူက ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၀)အရွှယ်သာရှိသေးတဲ့ အီတလီလက်ရွေးစင် ကွင်းလယ်ကစားသမား တိုနယ်လီဟာ ပြီးခဲ့တဲ့ရာသီကမှ ဘရက်စီယာအသင်းနဲ့အတူ အီတလီစီးရီးအေပြိုင်ပွဲအတွင်း ပထမဆုံးအကြိမ် ပါဝင်ကစားခွင့်ရခဲ့တာဖြစ်ပြီး ပွဲဦးထွက်ရာသီမှာပဲ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် ပီယာလိုလက်သစ် ကစားသမားလေးလို့ပါ တင်စားခေါ်ဆိုခံလာခဲ့ရပါတယ်။ ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်တဲ့ တိုနယ်လီကို ဘာစီလိုနာနဲ့ မန်ချက်စတာယူနိုက်တက်တို့လို အသင်းကြီးတွေကပါ စိတ်ဝင်စားလာခဲ့ပေမယ့်လည်း တိုနယ်လီကတော့ အီတလီမြေမှာပဲ ဆက်လက်ရှိနေပြီး မီလန်အသင်းနဲ့ ပူးပေါင်းဖို့ကိုပဲ ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit : Sempreinter

တိုနယ်လီရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဘရက်စီယာအသင်းဥက္ကဌဖြစ်သူ ဆယ်လီနိုက “သူ့ကို အင်တာရဲ့စီးအီးအို မာရော့တာက အမှန်တကယ် အလိုရှိနေတယ်ဆိုတာ ကျွန်တော်သိတယ်။ နောက်ပြီး အင်တာနည်းပြကွန်တီကလည်း အလိုရှိနေတယ်။ အဲ့ဒီတော့ သူနဲ့ သူရဲ့အေးဂျင်တို့က အင်တာနဲ့ သဘောတူညီမှု ရယူနိုင်တော့မယ်လို့ ကျွန်တော်ထင်မိခဲ့တယ်။ သူကိုယ်တိုင်လည်း အင်တာကို ပြောင်းရွှေ့ဖို့အတွက် စဉ်းစားမှာသေချာပါတယ်။ ဒါပေမယ့် ဒါတွေအားလုံးက ဘောလုံးရာသီသစ် စတင်တော့မယ့်အချိန်မှာ ရပ်တန့်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ အေစီမီလန်ဘက်ကနေ သူ့ကို စိတ်ဝင်စားမှုတွေ ပြသလာခဲ့ပါတယ်။ မီလန်အသင်းရဲ့စိတ်ဝင်စားမှုကို ခံယူလိုက်ရပြီးနောက်မှာ သူက အခြားအသင်းတွေရဲ့ကမ်းလှမ်းမှုတွေကို လုံးဝနားမထောင်တော့ပါဘူး။ ကျွန်တော်နဲ့ မီလန်အသင်းတို့ကြားမှာ အရမ်းကို ကောင်းမွန်တဲ့ အပြန်အလှန် ခင်မင်နားလည်မှုတွေရှိတာကြောင့်မို့ မီလန်ရဲ့နည်းစနစ်ဒါရိုက်တာ မာလ်ဒီနီနဲ့ သဘောတူညီမှုကို အလျင်အမြန်ပဲ ရယူနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့တွေ သူ့အတွက် ဘာစီလိုနာနဲ့ ယူနိုက်တက်အသင်းတို့ရဲ့စိတ်ဝင်စားမှုတွေကိုလည်း ရရှိခဲ့ပါသေးတယ်။ ဒါပေမယ့် တိုနယ်လီကတော့ မီလန်ကို ချစ်မြတ်နိုးပြီး သူအားပေးတဲ့အသင်းဖြစ်တဲ့အတွက် ကျန်တဲ့အသင်းတွေအားလုံးကို ပယ်ချခဲ့တယ်” လို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။