MySport Myanmar

ဘောလုံးပွဲတွေ လောင်းခဲ့တာကြောင့် ၁၈လ ပွဲပယ်ခံရဖို့ နီးစပ်နေတဲ့ တိုနယ်လီ

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် နယူးကာဆယ်နဲ့ အီတလီတို့ရဲ့ အဓိက ကွင်းလယ်လူ တိုနယ်လီက အေစီမီလန်မှာ ကစားခဲ့စဉ်က ဘောလုံးပွဲတွေ လောင်းခဲ့တာကြောင့် ကာလရှည် ပွဲပယ်ပြစ်ဒဏ် ကျခံရဖို့ ရှိနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ် တချို့က ဖော်ပြလာပါတယ်။

အီတလီ လက်ရွေးစင် ကွင်းလယ်လူ တိုနယ်လီက လက်ရွေးစင် အသင်းဖော်တွေ ဖြစ်တဲ့ ဖာဂီယိုလီ ၊ ဇာနီရိုလိုတို့နဲ့အတူ လောင်းကစား Appတွေကို အသုံးပြုပြီး ဘောလုံးပွဲတွေကို လောင်းခဲ့မိတာကြောင့် အခုချိန်မှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ စုံစမ်း စစ်ဆေးမှုတွေကို ခံနေရပါတယ်။

Photo Credit: Mirror

The Italian Football Federation(FIGC)က တိုနယ်လီ ၊ ဖာဂီယိုလီနဲ့ ဇာနီရိုလိုတို့ရဲ့ လောင်းကစားမှုကို စုံစမ်း စစ်ဆေးနေပြီး လက်ရှိမှာတော့ သူတို့သုံးဦးအနက် အသက်အငယ်ဆုံး ဖြစ်တဲ့ ဖာဂီယိုလီက သူဟာ တိုနယ်လီ ၊ ဇာနီရိုလိုတို့နဲ့အတူ ဘောလုံးပွဲတွေ လောင်းခဲ့မိကြောင်း ဝန်ခံထားပါတယ်။

ဖာဂီယိုလီက စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ တွေ့ဆုံချိန်မှာ တိုနယ်လီဟာ သူ့ကို လောင်းကစား App Down ပေးကာ ဘောလုံးပွဲတွေ လောင်းဖို့ စသင်ပေးခဲ့ကြောင်း ထုတ်ပြောခဲ့သလို တိုနယ်လီ ၊ ဇာနီရိုလိုတို့နဲ့ ပူးပေါင်းကာ ဘောလုံးပွဲတွေ လောင်းခဲ့မိကြောင်း အစစ်ဆေးခံခဲ့ပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Talksportရဲ့ ဖော်ပြချက်အရ တိုနယ်လီဟာ FIGCရဲ့ စစ်ဆေးမှုကို ခံယူပြီးနောက် အင်္ဂလန်နိုင်ငံဆီ ပြန်ကာ နယူးကာဆယ်နဲ့ လေ့ကျင့်မှုတွေ လုပ်ဆောင်နေပေမယ့် FIGCက တိုနယ်လီကို ကာလရှည် ပွဲပယ်ပြစ်ဒဏ် ချမှတ်ဖို့ ရာခိုင်နှုန်း များနေပြီး တိုနယ်လီဟာ ၁၈လ ပွဲပယ်ပြစ်ဒဏ် ကျခံရဖွယ် ရှိနေကြောင်း သိရပါတယ်။

FIGCကသာ တိုနယ်လီကို ၁၈လ ပွဲပယ်လိုက်ရင် အဆိုပါ ပွဲပယ်ပြစ်ဒဏ်က တကမ္ဘာလုံး အတိုင်းအတာနဲ့ သက်ရောက်မှာ ဖြစ်တာကြောင့် နယူးကာဆယ်ဟာ တိုနယ်လီနဲ့ စာချုပ်ကို ဖျက်သိမ်းတာဖြစ်ဖြစ် ၊ အဆိုပါ ပွဲပယ်ကာလအတွင်းမှာ တိုနယ်လီကို လုပ်ခလစာ မပေးတာ ဖြစ်ဖြစ် လုပ်ဆောင်နိုင်ပါတယ်။

Exit mobile version