ပြီးခဲ့တဲ့ ကြားရက်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းကို ၈-၂ ဆိုတဲ့ ရလဒ်နဲ့ အရှက်ရဖွယ် ရှုံးနိမ့်ခဲ့တဲ့ ဘာစီလိုနာအသင်းဟာ မကြာမီမှာပဲ အသင်းရဲ့နည်းပြ ဆက်တီယန်ကို ထုတ်ပယ်ကာ နည်းပြသစ် ခန့်အပ်သွားတော့မှာပဲ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ အသင်းရဲ့ နည်းပြသစ်အဖြစ် စပါးအသင်းရဲ့ နည်းပြဟောင်း ပိုချက်တီနိုကို ခန့်အပ်တော့မယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပေမယ့် ယနေ့မနက်မှာ ရရှိထားတဲ့ သတင်းတွေ အရတော့ ဘာစီလိုနာအသင်းဟာ အသင်းရဲ့ ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ နယ်သာလန် လက်ရွေးစင်အသင်းရဲ့ နည်းပြဖြစ်သူ ရော်နယ် ကိုးမန်းကို အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်တော့မယ် လို့ သိရပါတယ်။

Photo Credit: Marca

​အသက်၅၇နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ ရော်နယ် ကိုးမန်းဟာ ဘာစီလိုနာအသင်းမှာ ကစားခဲ့စဉ်တုန်းက များပြားတဲ့ အောင်မြင်မှုတွေ ရရှိခဲ့သလို နည်းပြဘဝမှာလည်း ဆုဖလားအောင်မြင်မှုတွေ သိပ်မရသေးပေမယ့် သူကိုင်တွယ်ခဲ့တဲ့ အသင်းတိုင်းဟာ ပုံမှန် ကစားကွက်တစ်ခုကို ရရှိကြပြီး ဘာစီလိုနာအသင်းနဲ့အတူ နာမည်ကျော်တဲ့ တီကီတာကာ ကစားဟန်ဟာ ကိုးမန်း နည်းပြခဲ့တဲ့ အသင်းတိုင်းမှာ ကျန်ရစ်ခဲ့လေ့ ရှိပါတယ်။ ဒါ့ကြောင့်လည်း လက်ရှိမှာ ဘာစီလိုနာအသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေဟာ ကိုးမန်းကို အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ သဘောကျနေကြပြီး ကိုးမန်းကိုယ်တိုင်ကလည်း တစ်ချိန်ချိန်မှာ ဘာစီလိုနာအသင်းအား ကိုင်တွယ်ချင်ကြောင်း ဖွင့်ဟ ဝန်ခံထားခဲ့ဖူးသူပါ။

Photo Credit: Marca

ဘာစီလိုနာအသင်းရဲ့ ဥက္ကဌ ဘာတိုမြူဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းမှာ ပိုချက်တီနို ကို ခေါ်ယူခန့်အပ်ဖို့ အတွက် ညစာအတူစားကာ ကြိုးစားခဲ့ဖူးပေမယ့် ယခင်က ပိုချက်တီနိုအနေနဲ့ အက်စ်ပန်ညိုအသင်းကို နည်းပြခဲ့မှုတွေ ၊ ဘာစီလိုနာအသင်းကို နည်းပြမယ့်အစား အာဂျင်တီးနားကို ပြန်ကာ လယ်စိုက်စားမယ် ဆိုတဲ့ စကားတွေကို ပြောကြားခဲ့မှုတွေကြောင့် ပိုချက်တီနိုကို ဘာစီလိုနာအသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေဟာ သဘောမကျကြဘူးလို့ သိရပါတယ်။ ဒါ့အပြင် ဘာစီလိုနာအသင်းရဲ့ စီနီယာ ကစားသမားတွေဟာလည်း အသင်းရဲ့ နည်းပြသစ်အဖြစ် ပိုချက်တီနို ရောက်လာမှာကို မလိုလားကြပဲ ပိုချက်တီနိုအစား အသင်းရဲ့ ကစားသမားဟောင်းတွေ ဖြစ်တဲ့ ကိုးမန်းနဲ့ ဇာဗီနှစ်ဦးထဲက တစ်ဦးကို ရောက်ရှိစေချင်နေပါတယ်။

Photo Credit: Marca

နာမည်ကြီးသတင်းဌာန တစ်ခုဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ အဆိုအရတော့ ဘာစီလိုနာအသင်းဟာ ကိုးမန်းကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ဆွေးနွေးမှုတွေ စတင်နေပြီး ကိုးမန်းနဲ့ ဆွေးနွေးမှုတွေ အဆင်မပြေမှသာ ပိုချက်တီနိုကို ပြန်ပြောင်း ကမ်းလှမ်းသွားဖို့ လုပ်ဆောင်နေတယ် လို့ သိရပါတယ်။ ဒါ့အပြင် ဘာစီလိုနာ အသင်းအနေနဲ့ လာမယ့် သီတင်းပတ်မှသာ အသင်းရဲ့ နည်းပြ ဆက်တီယန်ကို တရားဝင် ထုတ်ပယ်သွားမှာ ဖြစ်ကြောင်း ကတ်တလန်တာ အခြေစိုက် သတင်းဌာနတွေက ထုတ်ဖော် ရေးသား ထားကြပါတယ်။