အာဆင်နယ်အသင်းရဲ့ ဂျပန်နောက်ခံလူ တိုမီယာဆုဟာ စပို့တင်းလစ္စဘွန်းနဲ့ ယူရိုပါလိဂ်ပွဲစဥ်မှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် အခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်အထိ အနားယူသွားရတော့မယ်လို့ အာဆင်နယ်ဘက်က တရားဝင် ထုတ်ပြန်သွားခဲ့ပါတယ်။

Photo Credit : Goal

အာဆင်နယ် နဲ့ စပို့တင်းလစ္စဘွန်းအသင်းတို့ ရင်ဆိုင်ခဲ့ကြတဲ့ ယူရိုပါလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဥ်ရဲ့ ပွဲချိန်အစောပိုင်းမှာ အာဆင်နယ် နောက်ခံလူ တိုမီယာဆုက ဒဏ်ရာရသွားခဲ့ပြီးနောက် ပွဲကို ဆက်လက် မကစားနိုင်တော့ပဲ လူစားလဲခဲ့ရသလို ဒဏ်ရာအခြေအနေကလည်း ခွဲစိတ်ဖို့ လိုအပ်လာခဲ့ရပါတယ်။ တိုမီယာဆုက ညာဘက်ဒူးမှာ ဒဏ်ရာ ရရှိသွားခဲ့တာဖြစ်ပြီး ဒီဒဏ်ရာကို လန်ဒန်မြို့မှာပဲ ခွဲစိတ်မှု လုပ်ဆောင်ခဲ့ရာ အောင်မြင်သွားခဲ့ရပါတယ်။

Photo Credit : The Japan Times

ဒါပေမယ့် တိုမီယာဆုဟာ ခွဲစိတ်မှု ခံယူပြီးခဲ့တဲ့နောက်မှာတော့ အာဆင်နယ်အသင်းရဲ့ အခုရာသီ လက်ကျန် ပွဲစဥ်တွေအားလုံးကို လွဲချော်ရတော့မယ်လို့ ကလပ်အသင်းဘက်ကနေ ထုတ်ပြန်လာခဲ့ပါတယ်။ ဒီအခြေအနေအရဆိုရင် အာဆင်နယ်အသင်းအနေနဲ့ right-back နေရာအတွက် ဘင်ဝှိုက် တစ်ဦးတည်းသာ ကျန်ရှိနေတော့တာ့ဖြစ်လို့ တကယ်လို့များ ဘင်ဝှိုက်သာ ဒဏ်ရာ ဒါမှမဟုတ် ပွဲပယ် တစ်ခုခု ဖြစ်လာခဲ့မယ်ဆိုရင်တော့ ကွင်းလယ်ခံစစ် ကစားသမား သောမတ်စ်ပါတေးကို ညာခြမ်းခံစစ်နေရာမှာ ကစားခိုင်းဖွယ်လည်း ရှိနေပါတယ်။

Photo Credit : Sky Sports

DM CM ကစားသမား ပါတေးဟာ သူရဲ့အသင်းဟောင်း အသက်လက်တီကိုမှာ ကစားခဲ့စဥ်တုန်းက RB နေရာမှာ ရံဖန်ရံခါ ပါဝင်ကစားခဲ့ဖူးတဲ့ အတွေ့အကြုံတွေ ရှိခဲ့ဖူးသလို အသက်လက်တီကိုနဲ့ အာဆင်နယ်အသင်းတို့ ၂၀၁၈တုန်းက ထိပ်တိုက် ရင်ဆိုင်ခဲ့ရတဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုကျော့ပွဲစဥ်မှာတောင် ပါတေးက right-back player အဖြစ် ကစားသွားခဲ့တာ ဖြစ်ပါတယ်။