ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းလယ်လူ တဦး ဖြစ်သူ မက် တော်မီနေးက သူတို့အသင်းဟာ ယခုနှစ် ဘောလုံးရာသီ အစမှာ အသင်းဆီ ရောက်လာခဲ့တဲ့ နည်းပြ အဲရစ် တန်ဟက်ဂ်ကြောင့် ဆုဖလားတွေကို ရယူနိုင်တော့မယ်လို့ ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။

နယ်သာလန်လူမျိုး နည်းပြတဦး ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယခုနှစ် ဘောလုံးရာသီ အစမှာ အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ဆီ ကာလရှည် စာချုပ်တရပ်နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူ့ရဲ့ လက်အောက်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားပုံက သိသိသာသာ ကောင်းမွန်လာခဲ့ပါတယ်။

Photo Credit: Football 365

တန်ဟက်ဂ်က မန်ချက်စတာ ယူနိုက်တက်ဆီ ရောက်ရောက်ချင်းမှာပဲ သူ့ရဲ့ တပည့်ရင်းတွေ ဖြစ်တဲ့ မာတီနက်ဇ်နဲ့ အန်တိုနီတို့ကို မန်ချက်စတာ ယူနိုက်တက်ဆီ ခေါ်ယူခဲ့သလို ဘယ်နောက်ခံနေရာမှာ လုခ်ရှောနဲ့ ယှဉ်ပြိုင်ဖို့ အတွက် နယ်သာလန် လူငယ်ကြယ်ပွင့် မာလာစီယာ ၊ ကာရစ် မရှိတော့တဲ့နောက် အားနည်းနေတဲ့ ကွင်းလယ်ခံစစ် အတွက် ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးနဲ့ ဖာနန်ဒက်ဇ်ကိုသာ မှီခိုနေရတဲ့ ဖန်တီးမှုပိုင်း အတွက် သူနဲ့ ရင်းနှီးတဲ့ အဲရစ်ဆင်တို့ကို ခေါ်ယူကာ ယူနိုက်တက်ရဲ့ ကစားသမား အင်အားကို ဖြည့်တင်းခဲ့ပါတယ်။

အဲရစ် တန်ဟက်ဂ်ရဲ့ မှန်ကန်တဲ့ ကစားသမား ခေါ်ယူမှုတွေကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က ယခုနှစ် ဘောလုံးရာသီမှာ အသင်းကြီးတွေနဲ့ တွေ့ဆုံတဲ့ ပွဲစဉ် အားလုံးနီးပါးမှာ ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့ပြီး ဘောလုံးရေးရာ ကျွမ်းကျင်သူတွေကလည်း အဲရစ် တန်ဟက်ဂ်သာ နောက်ထပ် ကစားသမားသစ် ၅ဦးခန့် ထပ်ခေါ်ပြီးရင် မန်ချက်စတာ ယူနိုက်တက်ဟာ ဆုဖလားတွေကို စိန်ခေါ်နိုင်စွမ်း ရှိလာလိမ့်မယ်လို့ သုံးသပ်ထားကြပါတယ်။

Photo Credit: Football 365

မန်ချက်စတာ ယူနိုက်တက်ရဲ့ ငယ်မွေးခြံပေါက် ကစားသမား တဦး ဖြစ်သူ တော်မီနေးကတော့ သူဟာ အဲရစ် တန်ဟက်ဂ်ရဲ့ လက်အောက်မှာ ကစားရတာကို သဘောကျနေသလို တန်ဟက်ဂ်ရဲ့ အနိုင်လိုချင်စိတ်ကြောင့် သူတို့အသင်းဟာ ဒီရာသီမှာတင် ဆုဖလားတွေကို ရယူနိုင်စွမ်း ရှိကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

တော်မီနေးက – “ကျွန်တော်တို့အတွက် အောင်မြင်မှု ဆိုတာဟာ ဆုဖလားတွေကို ရယူတာပါပဲ။ မန်ချက်စတာ ယူနိုက်တက် အတွက် အရေးအကြီးဆုံးကလည်း ဆုဖလားတွေ ရယူဖို့ပါ။ အခု ကျွန်တော်တို့ဆီမှာ ရှိနေတဲ့ နည်းပြကြောင့် (တန်ဟက်ဂ်) ဆုဖလားတွေ ရယူနိုင်မယ့် လမ်းစတခုပေါ်ကို ရောက်နေပါပြီ။ ဒီနှစ်မှာတင် ကျွန်တော်တို့က ဆုဖလားတွေကို ရယူနိုင်စွမ်း ရှိနေပါတယ်။ ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ် တိုးတက်လာအောင် လုပ်နိုင်မယ့် အခွင့်အရေးတွေ ရထားသလို စပြီးလည်း ကြိုးစားနေကြပါပြီ။ ကျွန်တော်ကတော့ ဒီနှစ်မှာ ကျွန်တော်တို့ဟာ နည်းပြရဲ့ လမ်းညွှန်မှုတွေနဲ့အတူ ဆုဖလားတွေ ရယူနိုင်မယ်လို့ အပြည့်အဝ ယုံကြည်နေပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။