မန်ချက်စတာယူနိုက်တက်အသင်းဟာ နွေဈေးကွက် မပိတ်သိမ်းခင်မှာ အသင်းအတွက် ကစားသမားသစ်တွေကို ထပ်မံ ခေါ်ယူသွားဖို့ လိုအပ်နေပေမယ့် လက်ရှိမှာတော့ ယူ-၂၁အသင်းအတွက် အင်္ဂလန် လက်ရွေးစင် ကစားသမားဟောင်း တွမ်ဟယ်ဒယ်စတုန်းကို ကစားသမား/နည်းပြအဖြစ် ခေါ်ယူသွားတော့မယ်လို့ သိရပါတယ်။
Photo Credit : The Sun
အသက်(၃၅)နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမားကြီး ဟယ်ဒယ်စတုန်းဟာ ပြီးခဲ့တဲ့ ဇူလိုင်(၁)ရက်နေ့ကမှ ဟားလ်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီး အသင်းလက်မဲ့ ကစားသမား ဖြစ်လာခဲ့ရပေမယ့် မန်ယူနိုက်တက်အသင်းဘက်က အသင်းရဲ့ လူငယ်ကစားသမားတွေကို ကူညီပေးသွားဖို့အတွက် ယူ-၂၁အသင်းရဲ့ ကစားသမား/နည်းပြအဖြစ်နဲ့ တာဝန်ပေးသွားချင်နေပါတယ်။ လက်ရှိမှာ မန်ယူနိုက်တက်အသင်းရဲ့ ယူ-၂၁ အသင်း ကစားသမား/နည်းပြဟောင်း ပေါလ်မက်ရှိန်းက အသင်းရဲ့ ပရော်ဖက်ရှင်နယ် ဖွံဖြိုးတိုးတတ်မှုအဆင့် နည်းပြအဖြစ် ပြောင်းလဲ တာဝန်ထမ်းဆောင်နေတာဖြစ်လို့ မက်ရှိန်းရဲ့ ဟားလ်စီးတီးအသင်းဖော်ဟောင်း ဟယ်ဒယ်စတုန်းကို ယူ-၂၁ ကစားသမား/နည်းပြအဖြစ် ခန့်အပ်သွားချင်နေတာ ဖြစ်ပါတယ်။
Photo Credit : The Telegraph
ကစားသမားဘဝအတွင်း တော့တင်ဟမ်ဟော့စပါး ဝုလ်ဗာဟမ်တန် ဒါဘီကောင်တီနဲ့ ဟားလ်စီးတီးအသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးသလို အင်္ဂလန်လက်ရွေးစင်အသင်းအတွက် (၄)ပွဲ ပါဝင်ခဲ့ဖူးတဲ့ ဟယ်ဒယ်စတုန်းဟာ ကွင်းလယ်ခံစစ်နေရာမှာ ကစားတတ်သူဖြစ်ပြီး သူရဲ့ အတွေ့အကြုံတွေကို မန်ယူနိုက်တက် လူငယ်ကစားသမားတွေအတွက် ပြန်လည် မျှဝေသင်ကြားပေးနိုင်မှာဖြစ်ပေမယ့် ဟယ်ဒယ်စတုန်းက ကစားသမားဘဝအတွင်းမှာ ဒဏ်ရာပြသာနာတွေ မကြာခဏ ရင်ဆိုင်ခဲ့ရသူဖြစ်လို့ ကစားသမားအဖြစ် ပါဝင်ကစားရဖို့ကတော့ အခွင့်အရေး နည်းပါးနေပါတယ်။ မန်ယူနိုက်တက်အသင်း ပရိသတ်တွေကတော့ ဟယ်ဒယ်စတုန်းထက် အသင်းရဲ့ ကစားသမားဟောင်းဖြစ်သူ မိုက်ကယ်ကာရစ်ကိုသာ တာဝန်ပေးသင့်တယ်လို့ ထောက်ပြပြောဆိုနေကြပြီး ကစားသမားဘဝအတွင်း image သိပ်မမြင့်လှတဲ့ ဟယ်ဒယ်စတုန်းကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ အသင်းရဲ့ လုပ်ဆောင်ချက်အပေါ်လည်း မေးခွန်းထုတ်ခဲ့ကြပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ပေါ်တို ကစားသမားဟောင်းကြီး ဘင်နီမက္ကာသီကို အသင်းရဲ့ တိုက်စစ်နည်းပြ ရာထူးအဖြစ် တာဝန်ပေး ခန့်အပ်သွားခဲ့ပါသေးတယ်။