မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဘရာဇီး ညာနောက်ခံကစားသမားဟောင်းဖြစ်တဲ့ ရာဖေးလ်ဒါဆေးဗားက လက်ရှိ ယူနိုက်တက်နဲ့ အပြောင်းအရွှေ့့ ကောလဟာလ သတင်းထွက်လို့နေတဲ့ ဘိုင်ယန်မြူးနစ်အသင်း ပြင်သစ်ကွင်းလယ်ကစားသမား ကော်ရန်တင်တိုလစ်ဆိုဟာ ယူနိုက်တက်ရဲ့ကစားပုံနဲဲ့ လိုက်ဖက်မှုရှိလှတဲ့ ကစားသမားတစ်ယောက်ဖြစ်တယ်လို့ မှတ်ချက်ပြုပြောဆိုလာခဲ့သလို ခေါ်ယူဖို့ကိုလည်း တိုက်တွန်းပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

Photo Credit : Goal

ရာဖေးလ်နဲ့ တိုလစ်ဆိုတို့နှစ်ယောက်ဟာ လိုင်ယွန်အသင်းမှာ တွဲဖက်ကစားခဲ့ဖူးသူတွေဖြစ်ပြီး တိုလစ်ဆိုက လီဂူးပြိုင်ပွဲမှာ အတော်လေး ခြေစွမ်းပြသနိုင်ခဲ့ရာကနေ ၂၀၁၇ခုနှစ်မှာ လိုင်ယွန်ကနေ ဘိုင်ယန်မြူးနစ်အသင်းဆီကို ပြောင်းရွှေ့ခွင့်ရခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီရာသီမှာတော့ တိုလစ်ဆိုဟာ ဘိုင်ယန်အတွက် ပြိုင်ပွဲစုံ(၁၅)ပွဲကိုသာ ပွဲထွက်ကစားထားခဲ့ရပြီး အနာဂတ်မရေမရာ ဖြစ်နေတာကြောင့် သူ့ကို ယူနိုက်တက်အပါအဝင် ကလပ်အသင်းပေါင်းများစွာကနေ ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။ မနေ့က ထွက်ပေါ်ထားတဲ့ သတင်းတွေအရ ယူနိုက်တက်ဟာ တိုလစ်ဆိုကို ခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေပါ ပြုလုပ်နေပြီလို့ သိရှိရပါတယ်။

Photo Credit : AllGoal

အခုလို အသင်းဖော်ဟောင်း တိုလစ်ဆိုနဲ့ အသင်းဟောင်းယူနိုက်တက်တို့ သတင်းထွက်ပေါ်နေတဲ့အပေါ် ရာဖေးလ်က “တိုလစ်ဆိုက ကျွန်တော်တွဲကစားခဲ့ဖူးတဲ့ ကစားသမားတွေထဲမှာ အကောင်းဆုံး ကွင်းလယ်ကစားသမားတစ်ယောက်ပါ။ သူအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းအတွက် လိုက်ဖက်မှုရှိလိမ့်မယ်လို့ ကျွန်တော်ထင်မိပါတယ်။ ယူနိုက်တက်ကို ရောက်ရှိလာဖို့ကိုလည်း မျှော်လင့်မိတယ်” လို့ မှတ်ချက်ပြုပြောဆိုသွားခဲ့ပါတယ်။ တိုလစ်ဆိုဟာ ဒီရာသီမှာ ဘိုင်ယန်အသင်းအတွက် ပြိုင်ပွဲစုံ(၂၄)ပွဲ ပါဝင်ထားနိုင်ခဲ့ပြီး ဒီထဲကမှ (၁၅)ပွဲသာ ပွဲထွက်ကစားခဲ့ရာကာ သွင်းဂိုး(၃)ဂိုးနဲ့ ဂိုးဖန်တီးမှု(၅)ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ တိုလစ်ဆိုဟာ ခြေချင်းဝတ်ဒဏ်ရာကြောင့် ဘိုင်ယန်အတွက် ပွဲထွက်မကစားပေးနိုင်တာ (၆)ပွဲအထိကို ရှိနေတဲ့အပြင် ဘိုင်ယန်ကလည်း သူ့ကို အသင်းမှာ ပုံမှန်နေရာပေးဖို့ မလွယ်တာကြောင့် လာမယ့်နွေရာသီမှာ အသင်းကနေ စွန့်ခွာဖွယ်ရှိနေသလို ဘိုင်ယန်ကတော့ တိုလစ်ဆိုအတွက် ပေါင်သန်း(၃၀)လောက် ရရှိမယ်ဆိုရင် ရောင်းချဖွယ်ရှိနေပါတယ်။