MySport Myanmar

နေမာကို ချယ်လ်ဆီးအသင်းဆီ ခေါ်ယူနိုင်ဖို့ တော့ဒ်ဘိုလေ ကြိုးပမ်းနေ

ချယ်လ်ဆီးအသင်းပိုင်ရှင် တော့ဒ်ဘိုလေဟာ ဒီနွေဈေးကွက်ထဲမှာလည်း အသင်းအတွက် mega signing ကြီးတစ်ခု ထပ်မံ လုပ်ဆောင်သွားဖို့ အစီအစဉ် ရှိနေပြီး လက်ရှိမှာတော့ ပီအက်စ်ဂျီရဲ့ ဘရာဇီးလ် စူပါစတား နေမာကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

Photo Credit : TEAMtalk

ချယ်လ်ဆီးအသင်းက ပိုင်ရှင်သစ် ဘိုလေလက်ထက်မှာ ကစားသမား ခေါ်ယူမှုတွေအတွက် ငွေကြေး သုံးစွဲမှုပေါင်းများစွာ လုပ်ဆောင်ထားခဲ့ပေမယ့် လာမယ့် နွေမှာတော့ အသင်းကနေ တိုက်စစ်ကစားသမား အမြောက်အများ ထွက်ခွာသွားဖို့ ရှိနေတဲ့အတွက် ဒါကို ပြန်လည် ပြင်ဆင်ဖို့ လိုအပ်လာခဲ့ပါတယ်။ အသင်းက ကိုင်ဟာဗက်ဇ် အူဘာမီယန်း ဇီယက်ရှ် ပူလီဆစ်တို့ကို ရောင်းထုတ်သွားဖို့ ရှိနေပြီး လူကာကူကလည်း အင်တာမှာပဲ ဆက်နေချင်တာဖြစ်လို့ ဒီလို တိုက်စစ်ကစားသမား (၅)ဦးလောက် လက်လွတ်ရမယ်ဆိုရင် ကစားသမားတချို့ကိုတော့ မဖြစ်မနေ ပြန်လည် အားဖြည့်ရဖို့လည်း ရှိနေပါတယ်။

Photo Credit : Manchester Evening News

ဒီအတွက် ချယ်လ်ဆီးဟာ ဂျုဗင်တပ်စ်ရဲ့ ဆာဘီးယား တိုက်စစ်မှူး ဒူဆန်ဗလာဟိုဗစ်ကို အလိုရှိနေသလို လက်ရှိမှာလည်း ပီအက်စ်ဂျီနဲ့ အနာဂတ် မရေမရာ ဖြစ်နေရတဲ့ နေမာကိုပါ ပစ်မှတ်ထားလာခဲ့ပါတယ်။ အသက် (၃၁)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဆမ်ဘာ ကြယ်ပွင့်ကြီး နေမာဟာ သူရဲ့ကလပ်အသင်းဖော်ဟောင်း လီယွန်နယ်မက်ဆီလို ပီအက်စ်ဂျီကို စွန့်ခွာသွားဖို့ အခြေအနေများနေပြီး ပီအက်စ်ဂျီဘက်ကလည်း နေမာကို ရောင်းထုတ်သွားဖို့ ရှိနေတဲ့အတွက် ချယ်လ်ဆီးပိုင်ရှင် ဘိုလေက သူရဲ့အသင်းဆီ နေမာ ရောက်ရှိလာနိုင်အောင် ကြိုးပမ်းလာခဲ့ပြီး ပီအက်စ်ဂျီ အသင်းဥက္ကဌ အယ်လ်ခါလိုင်ဖီနဲ့ပါ တွေ့ဆုံမှုတွေ လုပ်ဆောင်နေပါတယ်။

လက်ရှိ ချယ်လ်ဆီးနည်းပြအဖြစ် ဆောင်ရွက်သွားတော့မယ့် မော်ရစ်စီယိုပိုချက်တီနိုဟာလည်း နေမာနဲ့ ပီအက်စ်ဂျီအသင်းမှာ လက်တွဲခဲ့ဖူးသူဖြစ်ပြီး ပိုချက်တီနိုကိုယ်တိုင်လည်း သူ့တပည့်ဟောင်းနဲ့ ပြန်လည် လက်တွဲဖို့ ဆန္ဒရှိနေတဲ့အတွက် ချယ်လ်ဆီး နဲ့ နေမာတို့ရဲ့ အပြောင်းအရွှေ့က ပိုပြီးတော့ကို စိတ်ဝင်စားစရာ ဖြစ်လာခဲ့ရပါတယ်။

Exit mobile version