အမေရိကန်နိုင်ငံမှာ ကျော်ကြားတဲ့ သန်းကြွယ်သူဌေး တဦး ဖြစ်သူ တော့ပ် ဘိုလီဟာ ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးကို ပေါင် ၃.၅ ဘီလီယံနဲ့ ဝယ်ယူနိုင်တော့မယ်လို့ အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

ရုရှားသန်းကြွယ် ရုရှား-ယူကရိန်းစစ်ပွဲ စတင်ခဲ့ပြီးနောက် သူဌေး အေဘရာမိုဗစ်ချ် ပိုင်ဆိုင်တဲ့ ချယ်လ်ဆီးဟာ ဗြိတိန်အစိုးရရဲ့ ထိန်းသိမ်းခြင်းကို ခံခဲ့ရပြီး ဗြိတိန်အစိုးရက ချယ်လ်ဆီးပိုင်ရှင် အေဘရာမိုဗစ်ချ်ကို စီးပွားရေး ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့မှုကြောင့်ပဲ ချယ်လ်ဆီးအနေနဲ့ အသင်းပိုင်ရှင် အပြောင်းအလဲကို မဖြစ်မနေ ကြုံတွေ့ရတော့မှာလည်း ဖြစ်ပါတယ်။

Photo Credit: The Athletic

လက်ရှိအချိန်မှာတော့ ဗြိတိန်အစိုးရက ဦးဆောင်ပြီး ချယ်လ်ဆီးအတွက် သင့်တော်မယ့် အသင်းပိုင်ရှင်သစ်ကို ရွေးချယ်နေကာ ကမ္ဘာတလွှားမှာ ရှိတဲ့ ဘီလီယံနာ သန်းကြွယ်သူဌေးတွေက ချယ်လ်ဆီးကို ဝယ်ယူဖို့ အတွက် ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ကြပေမယ့် အမေရိကန် သန်းကြွယ်သူဌေး တဦး ဖြစ်သူ ဘိုလီက ချယ်လ်ဆီးကို ပေါင် ၃.၅ ဘီလီယံနဲ့ ဝယ်ယူနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraph သတင်းဌာနရဲ့ ဖော်ပြချက်အရ တော့ပ် ဘိုလီက ချယ်လ်ဆီးကို ဝယ်ယူဖို့ အလုံးစုံ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကာ သူ့ရဲ့ ချယ်လ်ဆီးကို ဝယ်ယူမှု ပြီးမြောက်ဖို့ အတွက် ဗြိတိန်အစိုးရရဲ့ ခွင့်ပြုချက် ရဖို့သာ လိုအပ်တော့ကြောင်း သိရပါတယ်။

Photo Credit: The Athletic

အခြား နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနကလည်း ဘိုလီ တယောက် ချယ်လ်ဆီးပိုင်ရှင်သစ် ဖြစ်လာတော့မယ့် အကြောင်းကို အတည်ပြုပေးထားကာ ဘိုလီက ချယ်လ်ဆီးကို ဝယ်ယူရာမှာ ငွေကြေးအများဆုံး ပေးခဲ့တဲ့ ပုဂ္ဂိုလ် မဟုတ်ခဲ့ပေမယ့် သူ့ရဲ့ အသင်းနဲ့ ပတ်သတ်ပြီး လုပ်ဆောင်ဖို့ ရည်ရွယ်ထားတဲ့ စီမံကိန်းကောင်းတွေ ရှိနေတဲ့ အချက်ကြောင့်ပဲ ချယ်လ်ဆီးကို ဝယ်ယူခွင့် ရတာလို့ ဆိုပါတယ်။

ဘိုလီက ချယ်လ်ဆီးကို ဝယ်ယူခွင့် ရခဲ့ရင် အသင်းကို ဥရောပရဲ့ အင်အားကြီးအသင်း ဖြစ်လာအောင် ရင်းနှီးမြှုပ်နှံပေးမယ်လို့ ကတိကဝတ် ပြုထားသလို အသင်းရဲ့ စတမ်းဖို့ဒ် ဘရေ့ချ်ကွင်းကိုလည်း ဒီထက်ပိုပြီး ကြီးမားအောင် ပြင်ဆင်မယ်လို့လည်း ပြောကြားထားပါတယ်။