ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဝါရင့်နည်းပြကြီး ကားလို့ အန်ဆယ်လော့တီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲချင်တယ်ဆိုရင်တော့ ဥရောပရဲ့ အကောင်းဆုံးအသင်းတွေကို အနိုင်ယူ ကျော်ဖြတ်သွားရလိမ့်မယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲကြီးရဲ့ အအောင်မြင်ဆုံး ကလပ်အသင်းဖြစ်တဲ့ ရီးယဲလ်ဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ရဲ့ ကွာတားဖိုင်နယ်မှာတော့ လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံအသင်း မန်စီးတီးနဲ့ ထိပ်တိုက် တွေ့ဆုံနေပြီး ခက်ခက်ခဲခဲ ရင်ဆိုင်သွားရဖွယ်လည်း ရှိနေပါတယ်။

Photo Credit : Sports Illustrated

ဒါ့အပြင် မန်စီးတီးအသင်းက ဒီရာသီမှာပါ ချန်ပီယံလိဂ် ချန်ပီယံ ထပ်ဖြစ်လာဖို့ ရေပန်းအစားဆုံး အသင်း ဖြစ်နေတာကြောင့်လည်း ရီးယဲလ်အတွက် အတော်လေး ခက်ခဲနိုင်ပြီး အသင်းနည်းပြကြီး အန်ဆယ်လော့တီကတော့ သူတို့အနေနဲ့ မန်စီးတီးကို ကျော်ဖြတ်သွားနိုင်စွမ်း ရှိတယ်လို့ ယုံကြည်နေပါတယ်။

“မန်စီးတီးက ဒီရာသီ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ ကလပ်အသင်းတွေထဲက တစ်သင်းပါ။ ဒါကို ကျွန်တော်တို့ အားလုံးလည်း သိထားပါတယ်။ ဒီပွဲက ကျွန်တော်တို့အတွက် ခက်ခဲလိမ့်မယ် ဆိုတာလည်း သိပါတယ်။ ဒုတိယအကျော့ကို အဝေးကွင်းမှာ ကစားရမှာကိုတော့ ကျွန်တော် ဂရုမစိုက်ပါဘူး။ ဘာမှ ထူးခြားနေမှာ မဟုတ်လို့ပါ။”

Photo Credit : Reuter

“ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်တိုင်းက ခက်ခဲပါတယ်။ ကျွန်တော်တို့အသင်းအနေနဲ့ ချန်ပီယံလိဂ်ဖလားကို ရယူချင်တယ်ဆိုရင်တော့ ဒီအခက်အခဲကို ကျော်ဖြတ်ရမယ်။ အကောင်းဆုံးအသင်းတွေကို အနိုင်ယူနိုင်ရပါမယ်။”

“မန်စီးတီးကလည်း လက်ရှိမှာ အကောင်းဆုံး ဥရောပ ကလပ်အသင်းတွေထဲက တစ်သင်းအပါအဝင် ဖြစ်နေပါတယ်။ သေချာပေါက်ကို ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့က ဥရောပရဲ့ ချန်ပီယံအသင်း ဖြစ်ချင်တယ်ဆိုရင်တော့ မန်စီးတီးအသင်းကို ဖြုတ်ချနိုင်အောင် ကြိုးပမ်းသွားရပါမယ်။ ကျွန်တော်တို့က ယုံကြည်မှုအပြည့်နဲ့ ယှဉ်ပြိုင်သွားပါမယ်။” လို့ ကြုံးဝါး ပြောဆိုလိုက်ပါတယ်။