ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ၁၆သင်းအဆင့် ရှုံးထွက်ပွဲ တပွဲ ဖြစ်တဲ့ ဘရာဇီးလ် ၄-၁ တောင်ကိုရီးယား ပွဲအပြီးမှာတော့ ဘရာဇီးလ်နည်းပြ တီတီက ကြယ်ပွင့် တိုက်စစ်မှူး နေမာဟာ သူတို့အသင်းရဲ့ အသက်ပါပဲလို့ ချီးကျူးသွားခဲ့ပါတယ်။

အုပ်စုGရဲ့ အုပ်စုဗိုလ် ဘရာဇီးလ်က ၁၆သင်း ရှုံးထွက်အဆင့်မှာ အုပ်စုHရဲ့ ဒုတိယ တောင်ကိုရီးယားနဲ့ ထိပ်တိုက် ရင်ဆိုင်တွေ့ခဲ့ပြီး အဆိုပါပွဲမှာ ဘရာဇီးလ်ရဲ့ အုပ်စုပွဲ ၂ပွဲကို လွဲချော်ခဲ့တဲ့ ကြယ်ပွင့် တိုက်စစ်မှူး နေမာက ပွဲထွက် လူစာရင်းမှာပဲ ပါဝင် လာခဲ့ပါတယ်။

Photo Credit: The Athletic

ဘရာဇီးလ်က အရည်အသွေးမြင့် တိုက်စစ် ကစားသမား များစွာကို ပိုင်ဆိုင်ထားပေမယ့် နေမာက သူတို့အသင်းရဲ့ တိုက်စစ် အသက်သွေးကြော တခု ဖြစ်နေဆဲ ဖြစ်ပြီး နေမာ မပါဝင်နိုင်တဲ့ နှစ်ပွဲမှာ ဘရာဇီးလ်ရဲ့ တိုက်စစ်ပိုင်းမှာ လိုအပ်ချက်တွေ ရှိနေခဲ့ပေမယ့် နေမာ ပြန်လည် ပါဝင်လာပြီးနောက် ဘရာဇီးလ်ရဲ့ တိုက်စစ်ဆင်မှုတွေက အတော်လေးကို တိကျ သေသပ်ခဲ့သလို ကြည့်လို့လည်း လှခဲ့ပါတယ်။

ဘရာဇီးလ် ၄-၁ တောင်ကိုရီးယား ပွဲမှာ နေမာက အသင်းအတွက် သွင်းဂိုး ၁ဂိုး သွင်းယူပေးနိုင်ခဲ့သလို အဖွင့်ဂိုး ဖြစ်တဲ့ ဗီနီးစီးယပ်စ်ရဲ့ သွင်းဂိုးကိုပါ ဖန်တီးပေးနိုင်ခဲ့ပြီး ပွဲစဉ်တလျှောက် အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။

Photo Credit: The Athletic

ဒါကြောင့်ပဲ ဘရာဇီးလ်ရဲ့ နည်းပြချုပ် ဖြစ်သူ တီတီက နေမာဟာ သူတို့အသင်းရဲ့ ကစားသမားတွေကို စွမ်းဆောင်ရည် မြှင့်ပေးနိုင်တဲ့ ကစားသမား တဦး ဖြစ်ပြီး သူတို့အသင်းရဲ့ အင်ဂျင်လို့ပါ တင်စားလို့ ရကြောင်း ပွဲအပြီးမှာ ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။

တီတီက – “နေမာက ကျွန်တော်တို့အသင်းရဲ့ နည်းစနစ်ပိုင်း အကြွယ်ဝဆုံး ကစားသမားပါ။ သူက အသင်းရဲ့ နည်းဗျူဟာတွေကို ဦးဆောင်ပြီး အကောင်အထည် ဖော်ပေးရသူလည်း ဖြစ်ပါတယ်။ အသင်းမှာ ရှိတဲ့ ကစားသမားတွေ အားလုံးကလည်း နေမာကို အမြဲတမ်း ရှာဖွေနေတတ်ပြီး နေမာဟာ ခြားနားမှုတွေ ဖြစ်လာအောင် လုပ်ဆောင်ပေးနိုင်တယ် ဆိုတာကိုလည်း သိကြပါတယ်။ ကစားသမားတိုင်းမှာ သူတို့ရဲ့ ထူးခြားချက်တွေ ၊ အရည်အသွေးတွေ ရှိကြပါတယ်။ ဒါပေမယ့် နေမာကတော့ ကျွန်တော်တို့အသင်းရဲ့ ဗဟိုပါပဲ။ သူက တသင်းလုံးကို အားဖြည့်ပေးနေတဲ့ အင်ဂျင်တလုံးပါ။ ကျွန်တော်တို့ရဲ့ အသက်လို့ ပြောရင်လည်း မှားမယ် မထင်ပါဘူး” လို့ အထူးတလည် ချီးကျူးသွားခဲ့တာပါ။