ဘရာဇီးလ်အသင်းရဲ့ နည်းပြချုပ် ဖြစ်သူ တီတီကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ တူနီးရှား ၁-၅ ဘရာဇီးလ် ပွဲစဉ်မှာ တူနီးရှား ကစားသမားတွေက သူ့အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး နေမာကို ဒဏ်ရာရအောင် ဦးတည် ကစားခဲ့တာနဲ့ ပတ်သတ်ပြီး စိတ်ဆိုး ဒေါသထွက်နေတယ်လို့ သိရပါတယ်။

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ တူနီးရှားနဲ့ ဘရာဇီးလ်တို့ရဲ့ ခြေစွမ်းပွဲမှာ နှစ်သင်းစလုံးက ကစားသမား အစုံအလင်ကို အသုံးပြုခဲ့ကြပြီး လူအင်အား တောင့်တင်းတဲ့ ဘရာဇီးလ်ကတော့ ထုံးစံအတိုင်းပဲ တူနီးရှားကို တဖက်သတ် ဖိအားပေး ကစားနိုင်ခဲ့သလို အဓိက ကစားသမားတွေရဲ့ သွင်းဂိုးတွေနဲ့အတူ ဂိုးပြတ်နိုင်ပွဲ တပွဲ ရရှိခဲ့ပါတယ်။

Photo Credit: Reuters

အဆိုပါပွဲစဉ်မှာ ဘရာဇီးလ် အတွက် သွင်းဂိုးတွေကို ရာဖင်ဟာက ၂ဂိုး ၊ ရစ်ချာလီဆန်က ၁ဂိုး ၊ နေမာက ၁ဂိုးနဲ့ ပက်ဒရိုက ၁ဂိုး အသီးသီး သွင်းယူပေးခဲ့ကြတာ ဖြစ်ပြီး တူနီးရှား အတွက် သိက္ခာဆယ် ချေပဂိုးကိုတော့ နောက်ခံလူ တယ်လ်ဘီက သွင်းယူပေးခဲ့တာပါ။

ဘရာဇီးလ်က ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ်မှာ ဂိုးပြတ်နိုင်ပွဲ တပွဲ ရရှိခဲ့တာကြောင့် သူတို့အသင်းရဲ့ စိတ်ဓာတ်ပိုင်း အတွက် ကောင်းမွန်တယ်လို့ သုံးသပ်နိုင်ပေမယ့် တူနီးရှားရဲ့ ကစားသမားတွေက ဘရာဇီးလ် ကြယ်ပွင့်တွေ ဖြစ်ကြတဲ့ နေမာ ၊ ရာဖင်ဟာနဲ့ ရစ်ချာလီဆန်တို့ အပေါ် ခပ်ကြမ်းကြမ်း ဖျက်ထုတ်မှုတွေ ပြုလုပ်ခဲ့ကြပြီး တူနီးရှားရဲ့ ဆိုးဝါး ကြမ်းတမ်းလှတဲ့ ဖျက်ထုတ်မှုတွေကြောင့်ပဲ ဘရာဇီးလ်နည်းပြ တီတီက တူနီရှားဟာ နေမာကို ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်အောင် ဦးတည် ကြိုးစားခဲ့ကြောင်း ပွဲအပြီးမှာ ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။

Photo Credit: Reuters

တီတီက – “ကျွန်တော်တို့ ကစားခဲ့တဲ့ ကွင်းထဲမှာ တူနီးရှားပရိသတ်တွေ အများကြီး ရှိနေခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်က ကျွန်တော်တို့ရဲ့ ပရိသတ်တွေကို ပိုပြီး အသံကျယ်ကျယ်နဲ့ အားပေးဖို့ တောင်းဆိုခဲ့ရပါတယ်။ ပွဲက နှစ်ဖက် ပရိသတ်တွေရဲ့ အပြိုင်အဆိုင် အားပေးမှုကြောင့် အတော်လေးကို ယှဉ်ပြိုင်လို့ ကောင်းတဲ့ ပွဲတပွဲ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့က ဒီပွဲဟာ အကြိတ်အနယ် ရှိမယ့် ပွဲတပွဲ ဖြစ်လာမယ် ဆိုတာ ကြိုသိနေခဲ့ပါတယ်။ ဒါပေမယ့် တူနီးရှား ကစားသမားတွေရဲ့ နေမာကို ဖျက်ထုတ်မှုဟာ ဘယ်လိုမှ လက်သင့်ခံနိုင်စရာ မရှိပါဘူး။ အဲ့ဒီ ဖျက်ထုတ်မှုကြောင့်သာ နေမာက ဒဏ်ရာရသွားရင် ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်သွားနိုင်ပါတယ်” လို့ မေးခွန်းထုတ် ဝေဖန်သွားခဲ့တာပါ။