လက်စတာအသင်းဟာ သူတို့အသင်းကနေ ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်သန်း(၅၀)နဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ ဘယ်နောက်ခံကစားသမား ဘင်ချီဝဲလ်ရဲ့နေရာမှာ အစားထိုးသွားဖို့အတွက် အီတလီစီးရီးအေကလပ် အတ္တလန်တာအသင်းရဲ့နောက်ခံအစွန်လူ တင်မိုသီကက်စတာနီကို ပေါင်(၂၁.၅)သန်းနဲ့ ကမ်းလှမ်းခဲ့ရာ သဘောတူညီမှု ရယူနိုင်ခဲ့ပြီဖြစ်ပြီး ဆေးစစ်မှုပါ ခံယူပြီးသွားခဲ့ပြီဖြစ်လို့ မကြာခင်မှာပဲ လက်စတာအသင်းဘက်ကနေ တရားဝင်ထုတ်ပြန်ကြေညာဖွယ် ရှိနေပါတယ်။

Photo Credit : Sky Sports

အသက်(၂၄)နှစ်အရွှယ်ရှိ ဘယ်ဂျီယံလက်ရွေးစင် နောက်ခံအစွန်လူ ကက်စတာနီကို လက်စတာအသင်းဘက်ကနေ သူရဲ့အတ္တလန်တာအသင်းဖော် ရောဘင်ဂိုဆန်စ်နဲ့အတူ ပစ်မှတ်ထားခဲ့တာဖြစ်ပြီး နောက်ဆုံးမှာတော့ ကက်စတာနီကိုပဲ ခေါ်ယူသွားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ လက်စတာဘက်က ကက်စတာနီအတွက် ပေါင်(၂၁.၅)သန်းနဲ့ ကမ်လှမ်းခဲ့တာဖြစ်ပြီး ဒီကမ်းလှမ်းမှုကိုလည်း အတ္တလန်တာဘက်ကနေ လက်ခံသွားခဲ့တာကြောင့် လက်စတာကို ပြောင်းရွှေ့ကစားဖို့အတွက် ဂျာမနီနိုင်ငံအတွင်းမှာပဲ ဆေးစစ်မှုတွေကို ခံယူသွားပြီဖြစ်ကာ မကြာခင်မှာ လက်စတာကစားသမားသစ် ဖြစ်လာပါတော့မယ်။

Photo Credit : talkSPORT

ကက်စတာနီဟာ လွန်ခဲ့တဲ့ ၂၀၁၇ခုနှစ်ကမှ ဘယ်ဂျီယံကလပ် KRC ဂျန့်အသင်းကနေ အတ္တလန်တာအသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အတ္တလန်တာနဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ကွာတားဖိုင်နယ်အဆင့်ထိ တတ်လှမ်းခွင့်ရရှိထားသလို အီတလီစီးရီးအေပြိုင်ပွဲအတွင်း အဆင့်(၄)အတွင်း ဝင်ရောက်ထားနိုင်ခဲ့ပါတယ်။ ကက်စတာနီဟာ ညာနောက်ခံနေရာမှာ ပါဝင်ကစားသူဖြစ်ပေမယ့်လည်း လက်စတာအသင်းရဲ့ညာခြမ်းခံစစ်မှာ ပါရဲရားရော ဂျိမ်းစ်ဂျက်စတင်ပါ ရှိနေတဲ့အတွက် ညာခြမ်းထက် ဘယ်နောက်ခံအခြမ်းမှာသာ ပါဝင်ကစားရဖွယ် ရှိလို့နေပါတယ်။ လက်စတာအသင်းဟာ ဒီနှစ်နွေစျေးကွက်အတွင်းမှာ ကစားသမားသစ်တွေ ခေါ်ယူထားရခြင်းမရှိသေးပဲ အသင်းရဲ့ဝါရင့်တိုက်စစ်ကစားသမားကြီး ဂျေမီဗာဒီကိုပဲ စာချုပ်သက်တမ်း တိုးမြှင့်ထားခဲ့ရကာ အသင်းရဲ့အဓိက နောက်ခံကစားသမား ဘင်ချီဝဲလ်ကိုတော့ အသင်းကနေ ရောင်းချထားရပါတယ်။ လက်စတာအသင်းဟာ လာမယ့်ရာသီမှာ ယူရိုပါလိဂ်ဝင်ခွင့်ကို ပိုင်ဆိုင်ထားတာဖြစ်လို့ နွေစျေးကွက်အတွင်းမှာ ကစားသမားသစ်တွေကို ခေါ်ယူဖွယ်ရှိနေတဲ့အပြင် အသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ ဆိုယန်ဂူ အမ်ဒီဒီနဲ့ ဟာဗေးဘမ်းစ်တို့လို ကြယ်ပွင့်တွေကိုလည်း အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းသွားဖို့ ပြင်ဆင်လျက်ရှိနေပါတယ်။