လိုက်ပ်ဇစ်အသင်းနဲ့ ဂျာမနီလက်ရွေးစင်အသင်းတို့ရဲ့ တိုက်စစ်ကစားသမား တီမိုဗာနာဟာ သူရဲ့ ဒဏ်ရာပြဿနာကြောင့် မကြာခင် ကာတာနိုင်ငံမှာ စတင် ကျင်းပသွားတော့မယ့် ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို သေချာပေါက် လွဲချော်သွားရတော့မယ်လို့ သိရှိရပါတယ်။

Photo Credit : Twitter

တိုက်စစ်ကစားသမား ဗာနာဟာ ရှက်တာဒိုးနက်အသင်းနဲ့ လိုက်ပ်ဇစ်အသင်းတို့ ယှဥ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဥ်မှာ အန်ကွန်ကူရဲ့ အဖွင့်ဂိုးကို ဖန်တီးပေးခဲ့ပြီးနောက် မိနစ်အနည်းငယ်အကြာမှာပဲ ခြေချင်းဝတ်ဒဏ်ရာ ရရှိသွားခဲ့ပြီး ပွဲကို ဆက်လက် ကစားနိုင်ခြင်း မရှိတော့တာကြောင့် ဖော့စ်ဘတ်ချ်နဲ့ပါ လူစားလဲခဲ့ရပါတယ်။ အခုတော့ ဗာနာဟာ သူရဲ့ ဒဏ်ရာအခြေအနေကြောင့် ၂၀၂၂ခုနှစ်အတွင်း လိုက်ပ်ဇစ်ရဲ့ လက်ကျန်ပွဲတွေအားလုံးကို လွဲချော်ရတော့မှာ ဖြစ်တဲ့အပြင် ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးကိုပါ လွဲချော်သွားရတော့မှာ ဖြစ်ပါတယ်။

Photo Credit : The Athletic

ဗာနာရဲ့ ဒဏ်ရာနဲ့ ပတ်သတ်ပြီး သူရဲ့လိုက်ပ်ဇစ်အသင်းကနေလည်း တရားဝင် ထုတ်ပြန်လာခဲ့ပြီး ဗာနာဟာ ဘယ်ဘက် ခြေချင်းဝတ်ကို ထိခိုက်မိခဲ့တာဖြစ်ကြောင်းနဲ့ အဲ့ဒီဒဏ်ရာကြောင့် ၂၀၂၂ခုနှစ်အတွင်း လက်ကျန်ပွဲတွေအားလုံး လွဲချော်ရတော့မှာဖြစ်ကြောင်း ထုတ်ပြန်ထားခဲ့ပါတယ်။ အသက်(၂၆)နှစ်သားဟာ ဒီနှစ်နွေမှာ ချယ်လ်ဆီးကနေ သူ့အသင်းဟောင်း လိုက်ပ်ဇစ်ဆီကို ပြန်လည် ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဒဏ်ရာမရသွားခင်အထိ အသင်းအတွက် (၁၆)ပွဲကစား (၉)ဂိုးသွင်းကာ (၄)ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။ ဂျာမနီအသင်းအတွက်လည်း (၅၅)ပွဲကစားပြီး (၂၄)ဂိုး သွင်းယူထားနိုင်တဲ့ ဗာနာက သူ့ဒဏ်ရာ အခြေအနေနဲ့ပတ်သတ်ပြီး “ငါ့အတွက်တော့ အရမ်းခက်ခဲလွန်းတယ်။ ငါ လာမယ့် ရက်သတ္တပတ်တွေကို လွဲချော်ရမယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ လွဲချော်ရမယ်။ ကံမကောင်းစွာနဲ့ လိုက်ပ်ဇစ်နဲ့ ဂျာမနီအသင်းတို့ကို ဆိုဖာပေါ်ကနေပဲ အားပေးရတော့မယ်။ ခင်ဗျားတို့ရဲ့ အားပေးမှုတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်” လို့ သူရဲ့တွစ်တာကနေ ရေးသားဖော်ပြသွားခဲ့ပါတယ်။