ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးတိုက်စစ်မှူး တီမိုဗာနာက ချယ်လ်ဆီးနည်းပြ တူဟယ်လ်နဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်ခဲ့ပြီးနောက် ယခု နွေဈေးကွက် အတွင်းမှာပဲ အသင်းဟောင်း လိုက်ပ်ဇစ်ဆီ ပြန်လည် ပြောင်းရွှေ့ချင်နေကြောင်း ဂျာမန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၆နှစ် အရွယ် ဂျာမဏီ လက်ရွေးစင် တိုက်စစ်မှူး တီမိုဗာနာက ၂၀၂၀ခုနှစ်ကမှ လိုက်ပ်ဇစ်ကနေ ချယ်လ်ဆီးထံ ပြောင်းရွှေ့ကြေး ယူရို ၅၃သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ချယ်လ်ဆီးနဲ့ ၂၀၂၅ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်နေသေးတဲ့ ကစားသမားပဲ ဖြစ်ပါတယ်။

Photo Credit: Goal

တီမိုဗာနာက တိုးအား ရုန်းအားကောင်းတဲ့ တိုက်စစ်မှူး တဦး ဖြစ်တာကြောင့် မြန်နှုန်းမြင့် ကစားဟန်နဲ့ ကစားလေ့ ရှိတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တောက်ပလိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပေမယ့် တကယ်တမ်းမှာ တီမိုဗာနာက သူ့ရဲ့ အဆုံးသတ် အားနည်းချက်ကြောင့်ပဲ ချယ်လ်ဆီးရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်လာဖို့ ရုန်းကန်ခဲ့ရသလို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဆိုရင်လည်း အရန် တိုက်စစ်မှူး အဖြစ်သာ အချိန်ကုန်ခဲ့ရပါတယ်။

ဒါကြောင့်ပဲ တီမိုဗာနာက ယခု နွေဈေးကွက် အတွင်းမှာ သူ့ကို ပုံမှန် ပွဲထွက်ခွင့် ပေးနိုင်မယ့် ထိပ်သီးအသင်း တသင်းရဲ့ ကမ်းလှမ်းမှုကို ရလာရင် အသင်းပြောင်းဖို့ စဉ်းစားနိုင်ကြောင်း လူသိရှင်ကြား ထုတ်ပြောခဲ့ပြီး သူ့ရဲ့ အင်တာဗျူးဟာ ချယ်လ်ဆီးနည်းပြ တူဟယ်လ်ကို အတော်လေး ဒေါသထွက်စေခဲ့တာကြောင့် သူနဲ့ တူဟယ်လ်တို့ရဲ့ ကြားမှာ ဆက်ဆံရေး အဆင်မပြေတော့သလို တူဟယ်လ်က တီမိုဗာနာကို အသင်းရဲ့ ခြေစမ်းပွဲတွေမှာပါ ဝင်ကစားခွင့် မပေးတော့ပါဘူး။

Photo Credit: Goal

နာမည်ကြီး ဂျာမန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Bild သတင်းဌာနရဲ့ ဖော်ပြချက်အရ တီမိုဗာနာက တူဟယ်လ်နဲ့ ဆက်ဆံရေး အဆင်မပြေ ဖြစ်ခဲ့ပြီးနောက် ချယ်လ်ဆီးကနေ ယခု နွေဈေးကွက် အတွင်းမှာပဲ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပြီး အသင်းဟောင်း လိုက်ပ်ဇစ်ဆီ ပြန်နိုင်ဖို့ဟာ တီမိုဗာနာရဲ့ နံပါတ်တစ် ရည်မှန်းချက် ဖြစ်ကြောင်း သိရပါတယ်။

လက်ရှိမှာတော့ လိုက်ပ်ဇစ် ၊ ဂျူဗင်တပ်နဲ့ နယူးကာဆယ်တို့က တီမိုဗာနာကို ခေါ်ယူဖို့ ချယ်လ်ဆီးနဲ့ရော ကစားသမားနဲ့ပါ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ထားကြပြီး ဂျူဗင်တပ်နဲ့ နယူးကာဆယ်တို့က တီမိုဗာနာကို တရာသီ အငှားနဲ့သာ ခေါ်ယူဖို့ ကမ်းလှမ်းထားကြပေမယ့် လိုက်ပ်ဇစ်ကတော့ သူတို့ရဲ့ တိုက်စစ်မှူးဟောင်းကို အပြီးသတ် ခေါ်ယူဖို့ ဆန္ဒရှိနေပါတယ်။