လီဗာပူးလ်အသင်းဆီကို ပြောင်းရွှေ့ကစားဖို့ ကောလဟာလသတင်းတွေ များစွာထွက်ပေါ်ခဲ့တဲ့ လိုက်ပ်ဇစ်အသင်းရဲ့ဂျာမန်လက်ရွေးစင် တိုက်စစ်မှူးလေး တီမိုဝါနာကတော့ လာမယ့်ရာသီမှာ သူတကယ်တမ်း ကစားချင်နေတဲ့ လီဗာပူးလ်အသင်းကို ပြိုင်ဘက်အဖြစ်နဲ့ ရင်ဆိုင်သွားရတော့မှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ကို ပြောင်းရွှေ့ကြေး ပေါင်(၅၄)သန်းနဲ့ ခေါ်ယူဖို့အတွက် ချယ်လ်ဆီးအသင်းဘက်ကနေ သဘောတူညီမှု ရယူသွားနိုင်ခဲ့တယ်လို့ Sky Sport သတင်းဌာနကနေ ဖော်ပြလာခဲ့လို့ပဲဖြစ်ပါတယ်။

အသက်(၂၄)နှစ်အရွှယ် တိုက်စစ်မှူးတီမိုဝါနာဟာ ရာသီဝက်လောက်ကတည်းက လီဗာပူးလ်နဲ့ သတင်းဆက်တိုက် ထွက်ပေါ်ခဲ့တာဖြစ်ပေမယ့်လို့ လီဗာပူးလ်ဘက်ကနေ ဝါနာရဲ့ စာချုပ်လျော်ကြေးတန်ဖိုးအတိုင်း ပေးချေသွားဖို့ တွန်ဆုတ်နေတာကြောင့်မို့ သူ့ကို ချယ်လ်ဆီးအသင်းကနေ ကြားဖြတ်ကမ်းလှမ်းခဲ့ရာ အခုဆိုရင် ခေါ်ယူနိုင်ဖို့က အတော်လေးကို နီးစပ်သွားခဲ့ရပြီဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်း ဝါနာအတွက် တစ်ပတ်လုပ်ခကိုလည်း ပေါင်(၂)သိန်းအထိ ပေးချေသွားဖို့ သဘောတူညီခဲ့တယ်လို့ သိရှိရပါတယ်။

စတုဂတ်ကစားသမားဟောင်းဝါနာဟာ လိုက်ပ်ဇစ်အသင်းဆီကို ၂၀၁၆ခုနှစ်ကမှ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ဂိုးပေါင်းများစွာကို သွင်းယူပေးထားနိုင်ခဲ့တဲ့ အဓိကတိုက်စစ်မှူးတစ်ယောက်လည်းဖြစ်ပါတယ်။ ဂျာမန်လက်ရွေးစင်အသင်းအတွက်လည်း ရွေးချယ်ခံထားရတဲ့ ဒီတိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်မှာ သွားရောက်ကစားဖို့ကို စိတ််ပါဝင်စားနေသူဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း လီဗာပူးလ်နည်းပြ ယာဂင်ကလော့ကို ချီးမွမ်းပြောဆိုခဲ့ရင်းနဲ့ သူက လီဗာပူးလ်လို အသင်းမျိုးနဲ့ လိုက်ဖက်ညီအောင် ကစားနိုင်သူလို့ပါ ပြောဆိုခဲ့ပါသေးတယ်။ အဲ့ဒီနောက်ပိုင်းကတည်းက ဝါနာဟာ လီဗာပူးလ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ဆက်တိုက်ထွက်ပေါ်ခဲ့တာဖြစ်ပေမယ့် လီဗာပူးလ်က သူရဲ့ စာချုပ်လျော်ကြေးအတိုင်း မပေးချေချင်တာကြောင့် ဒီအခြေအနေကို ချယ်လ်ဆီးအသင်းကနေ အခွင့်ကောင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့အပြီးသတ်ဖို့ ကျန်ရှိနေသေးတဲ့အတွက် ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာကတော့ စိတ်ဝင်စားစရာကောင်းနေပါသေးတယ်။