ချယ်လ်ဆီးအသင်းရဲ့ ဂျာမန်တိုက်စစ်ကစားသမား တီမိုဝါနာက သူယခင်ကစားခဲ့ဖူးတဲ့ ဂျာမန်ဘွန်ဒစ်လီဂါပြိုင်ပွဲထက် အင်္ဂလန်ပရီးမီးယားလိဂ်ပြိုင်ပွဲက ပိုမိုခက်ခဲနေကြောင်း ဒီပြိုင်ပွဲက သူတွေးထင်ထားတာထက်ကို ခက်ခဲမှုတွေရှိကြောင်း ဖွင့်ဟပြောဆိုလာခဲ့ပြီး ခက်ခဲမှုတွေ ရှိနေပေမယ့်လည်း သူကတော့ အကောင်းဆုံးတွေ ဖြစ်လာနိုင်ဖို့အတွက်ကိုသာ အာရုံစိုက်ပြီး ကြိုးစားသွားမှာဖြစ်လို့ မကြာခင်မှာပဲ ပရီးမီးယားလိဂ်နဲ့ အံ့ဝင်ခွင်ကျ ဖြစ်နိုင်လိမ့်မယ်လို့ ယုံကြည်မိကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

ဒီရာသီမှ ပရီးမီိးယားလိဂ်ကို စတင်ခြေချလာခဲ့ရတဲ့ တိုက်စစ်မှူးဝါနာက သူရဲ့အတွေ့အကြုံတွေနဲ့ပတ်သက်ပြီး “သင်ရဲ့ပြောင်းရွှေ့ကြေးက ဘယ်လောက်ပမာဏရှိခဲ့လဲဆိုတာတွေက အရေးမကြီးပါဘူး။ သင်အနေနဲ့ ကလပ်အသင်းသစ် တစ်သင်းဆီကို ပြောင်းရွှေ့ကစားပြီဆိုရင် ဒီလိုဖိအားမျိုးတွေက အမြဲကြုံတွေ့ရတတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဒီလိုကိစ္စတွေကို အကောင်းဆုံးကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မယ်လို့ ထင်မိပါတယ်။ ဒါတွေက ကျွန်တော့်အတွက် မထူးဆန်းတော့ပါဘူး။ ဖိအားဒဏ်တွေကတော့ မနှစ်က ဘောလုံးရာသီထက် အနည်းငယ်လောက် များပြားလာခဲ့ရတယ်”

Photo Credit : NewsChain

“ဒါပေမယ့် ဘောလုံးသမားကောင်းတစ်ယောက်က အကောင်းဆုံးဖိအားတွေအောက်မှာပဲ အကောင်းဆုံးကစားပြနိုင်တတ်သူတွေဖြစ်လို့ ဒီလိုလုပ်ဆောင်နိုင်ဖို့ကို ကျွန်တော်စီစဉ်ထားပါတယ်။ ပရီးမီးယားလိဂ်ကတော့ ကျွန်တော်ယခင်က ပါဝင်ကစားခဲ့ဖူးတဲ့ အမှတ်ပေးလိဂ်ထပ် အနည်းငယ်ပိုခက်ခဲပါတယ်။ ကျွန်တော် တွေးထင်ထားတာထက်ကို ခက်ခဲလို့နေပါတယ်။ ချိတ်ဆက်မှုတွေကလည်း ဂျာမနီမှာထက်ကို ခက်ခဲနေပါတယ်။ ဒါတွေကို ကျွန်တော်ကြိုတွေးထားတယ်ဆိုပေမယ့် လက်တွေ့မှာ ကြုံတွေ့နေရတာတွေက တွေးထင်တာထက်ကို ပိုမိုခက်ခဲနေတယ်။ စစချင်း ကစားရခဲ့တဲ့ပွဲတွေမှာ ပုံစံကောင်းပြနိုင်ပေမယ့် နောက်ပိုင်းပွဲတွေမှာတော့ အနည်းငယ်ရုန်းကန်လာခဲ့ရပါတယ်။ (၃)ရက်အတွင်းမှာ တစ်ပွဲလောက်ကစားနေရတာကလည်း ကျွန်တော်တို့အတွက် ခက်ခဲနေရတယ်လို့ ကျွန်တော်ထင်မိတယ်။ ဒီလို ကစားနေရတာကြောင့် အကောင်းပုံစံရဖို့က ခက်ခဲနေရတာဖြစ်ပေမယ့်လည်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားနေရတာက အရမ်းပျော်စရာကောင်းပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ အသက်(၂၄)နှစ်အရွှယ်ရှိ ဂျာမန်လက်ရွေးစင် တိုက်စစ်ကစားသမားဝါနာဟာ ချယ်လ်ဆီးအသင်းအတွက် နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ(၈)ပွဲဆက်တိုက်မှာ သွင်းဂိုးတွေပျောက်ဆုံးလျက် ရှိနေပါတယ်။