မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိက ခံစစ်မှူးဖြစ်သလို အသင်းခေါင်းဆောင်လဲ ဖြစ်တဲ့ ဟယ်ရီမက်ဂွိုင်းယားကတော့ ယနေ့ မနက်မှာ ကစားသွားခဲ့တဲ့ ချယ်လ်ဆီးအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ ပွဲမှာ အသင်းအတွက် သွင်းဂိုးတစ်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

Photo Credit: Mirror.com

မန်ချက်စတာယူနိုက်တက်အသင်းက အဝေးကွင်းမှာ ချယ်လ်ဆီးအသင်းကို နှစ်ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ မက်ဂွိုင်းယားဟာ ယူနိုက်တက်အသင်းရဲ့ ခံစစ်ပိုင်းကို အဲရစ်ဘိုင်လီနဲ့တွဲဖက်ကာ တာဝန်ယူခဲ့ရကာ တစ်ဖက်အသင်းရဲ့ တိုက်စစ်ကို အကြိမ်ကြိမ် ဟန့်တားနိုင်ခဲ့သလို အသင်းအတွက် ပွဲသိမ်းဂိုးကိုလဲ ပွဲကစားချိန် ၆၆မိနစ်မှာ အသင်းဖော်သစ် ဘရူနိုဖာနန်ဒက်စ်ရဲ့ ပေးပို့မှုကနေ သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Mirror.com

ဒါဟာ မက်ဂွိုင်းယားအတွက် ယခုနှစ် ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ ပထမဦးဆုံး သွင်းဂိုး ဖြစ်ခဲ့ပြီး အဆိုပါဂိုးရဲ့နောက်မှာ ထူးခြားတဲ့ အဖြစ်အပျက်တစ်ခု ရှိနေခဲ့ပါတယ်။ အဲ့ဒါက မက်ဂွိုင်းယားဟာ ပွဲမစခင်မှာကတည်းက ဒီပွဲမှာ ထောင့်ကန်ဘောကနေ ဂိုးသွင်းယူနိုင်မယ် ဆိုတာကို ကြိုသိနေတဲ့ အဖြစ်အပျက်ပါပဲ။

Photo Credit: Mirror.com

မက်ဂွိုင်းယားဟာ ချယ်လ်ဆီးအသင်းနဲ့ ပွဲမစတင်မီမှာ ညီဖြစ်သူ လောရင့်စ်မက်ဂွိုင်းယားနဲ့ စကားစမြည်ပြောခဲ့ပြီး သူဟာ ချယ်လ်ဆီးနဲ့ပွဲမှာ ထောင့်ကန်ဘောကနေတဆင့် ဂိုးသွင်းနိုင်မှာ ဖြစ်တယ်လို့ ကြိုတင်ပြောပြသွားခဲ့တာပါ။ အဆိုပါ စကားပြောဆိုထားမှုကို ပွဲအပြီးမှာ လောရင့် က သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ တင်သွားခဲ့ပြီး မက်ဂွိုင်းယားရဲ့ ကြိုတင်သိရှိနေမှုကို ဘောလုံးပရိသတ်တွေက အံ့အားသင့်နေကြပါတယ်။