နယ်သာလန် ထိပ်သီးကလပ် အေဂျက်ရဲ့ တက်သစ်စ လူငယ် နောက်ခံလူ ဂျူရီယန် တင်ဘားစ်ဟာ ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ ဆရာရင်း တန်ဟက်ဂ်နဲ့အတူ ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ စိတ်ကူးရှိတာကြောင့် ဘိုင်ယန်မြူးနစ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချသွားခဲ့ကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ နယ်သာလန် လက်ရွေးစင် လူငယ်ကြယ်ပွင့် နောက်ခံလူ တင်ဘားစ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ အေဂျက်နဲ့အတူ အကောင်းဆုံး ခြေစွမ်းတွေကို ပြသနိုင်ခဲ့ပြီး ဥရောပရဲ့ အလားအလာ အကောင်းဆုံး လူငယ် ကစားသမားတွေထဲက တဦး အဖြစ်ပါ သတ်မှတ်ခံခဲ့ရပါတယ်။

Photo Credit: Sky Sports

ဒါကြောင့်ပဲ လာမယ့် နွေအပြောင်းအရွှေ့မှာ အေဂျက်ကစားသမားတွေ ဖြစ်ကြတဲ့ ဂရာဗန်ဘက်နဲ့ မာရုန်နီတို့ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့ ဘိုင်ယန်မြူးနစ်က တင်ဘားစ်ကိုပါ ခေါ်ယူဖို့ ချဉ်းကပ်ခဲ့ပေမယ့် တင်ဘားစ်ကတော့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ လုပ်ဆောင်နေတာကြောင့် ဘိုင်ယန်မြူးနစ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Germany သတင်းဌာနက ဆိုပါတယ်။

Sky Germany သတင်းဌာနရဲ့ ဖော်ပြချက်အရ တင်ဘားစ်က ဘိုင်ယန်မြူးနစ်ရဲ့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့သလို တဖက်မှာ တင်ဘားစ်ရဲ့ အေးဂျင့်တွေက မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး မန်ချက်စတာ ယူနိုက်တက်က မကြာခင်မှာပဲ တင်ဘားစ် အတွက် တရားဝင် ကမ်းလှမ်းမှု တရပ် ပြုလုပ်ဖွယ် ရှိကြောင်း သိရပါတယ်။

Photo Credit: Sky Sports

အေဂျက်ကတော့ လာမယ့် နွေအပြောင်းအရွှေ့မှာ အသင်းရဲ့ လူစာရင်းကို အပြောင်းအလဲ များစွာ ပြုလုပ်ဖို့ စီစဉ်နေတာကြောင့် တင်ဘားစ် အတွက် သင့်တော်တဲ့ ပြောင်းရွှေ့ကြေး တရပ် ရလာခဲ့ရင် တင်ဘားစ်ကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားကာ မန်ချက်စတာ ယူနိုက်တက်က တင်ဘားစ် အတွက် ပြောင်းရွှေ့ကြေး ယူရို ၄၀သန်းနဲ့ ၅၀သန်းကြား သုံးစွဲရဖွယ် ရှိတယ်လို့ နယ်သာလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။