MySport Myanmar

ညာဒူးဒဏ်ရာကြောင့် ကာလရှည် အနားယူရနိုင်တဲ့ အာဆင်နယ်ခံစစ်မှူးသစ် တင်းဘား

ပရီးမီးယားလိဂ် ပွဲစဉ်(၁) အဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ အာဆင်နယ် ၂-၁ နော်တင်ဟမ် ဖောရက်စ် ပွဲစဉ်မှာ ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရတဲ့ အာဆင်နယ် ခံစစ်မှူးသစ် ဂျူရီယန် တင်းဘားဟာ ညာဘက်ဒူးဒဏ်ရာ ရရှိသွားခဲ့တာ ဖြစ်ကြောင်း အာဆင်နယ်ရဲ့ တရားဝင် ထုတ်ပြန် ကြေညာချက်အရ သိရပါတယ်။

အသက် ၂၂နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ဗဟိုနောက်ခံလူ တင်းဘားက ယခု နွေဈေးကွက် အတွင်းမှာ အေဂျက် ကနေ အာဆင်နယ်ဆီ ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အာဆင်နယ်က သူ့အတွက် အေဂျက်ထံ ယူရို ၄၀သန်း ပေးချေခဲ့ရပါတယ်။

Photo Credit: Football London

တင်းဘားက အာဆင်နယ်ဆီ ရောက်ရောက်ချင်းမှာပဲ အသင်းနဲ့ အထိုင်ချခဲ့သလို သူ့ရဲ့ ဘောလုံးကိုင် ကစားရာမှာ ထူးချွန်မှုနဲ့ ပြိုင်ဘက်ရဲ့ တိုက်စစ်လမ်းကြောင်းတွေကို ဟန့်တားနိုင်စွမ်းတို့ကြောင့် အာဆင်နယ်နည်းပြ အာတီတာရဲ့ စိတ်ကြိုက် ခံစစ်မှူး တဦး ဖြစ်နေပါတယ်။

ဒါကြောင့်ပဲ အာတီတာက မန်ချက်စတာ စီးတီးကို အနိုင်ရခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲနဲ့ နော်တင်ဟမ် ဖောရက်စ်ကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲတွေမှာ တင်းဘားကို ဘယ်နောက်ခံလူ အဖြစ် ပွဲထုတ်ကာ အသုံးပြုခဲ့တာ ဖြစ်ပြီး တင်းဘားကလည်း အာတီတာရဲ့ ယုံကြည်မှုနဲ့ ထိုက်တန်ကြောင်းကို ခြေစွမ်းကောင်းတွေနဲ့အတူ သက်သေပြနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ အာဆင်နယ် ၂-၁ နော်တင်ဟမ် ဖောရက်စ် ပွဲစဉ်မှာ တင်းဘားက ညာဘက်ဒူးဒဏ်ရာ ရရှိသွားခဲ့ပြီး တင်းဘားက ဘောလုံးကို ကိုင်ကစားဖို့ ကြိုးစားရာ ကနေ ရုတ်တရတ် အခန့်မသင့်ပဲ ဒူးဒဏ်ရာ ရရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Football 365

အာဆင်နယ်ကတော့ တင်းဘားရဲ့ ဒဏ်ရာနဲ့ ပတ်သတ်ပြီး အခုလိုပဲ ထုတ်ပြန် ကြေညာခဲ့ပါတယ်။ အာဆင်နယ်က – “နော်တင်ဟမ် ဖောရက်စ်နဲ့ ပွဲစဉ်မှာ ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရတဲ့ တင်းဘားက လိုအပ်တဲ့ ဆေးစစ်မှုတွေကို လုပ်ဆောင်ပြီးသွားပါပြီ။ ဆေးစစ်ချက်တွေအရ သူ့ရဲ့ ညာဘက်ဒူးမှာ ဒဏ်ရာ တခု ရှိနေကြောင်း သိခဲ့ရပါတယ်။ တင်းဘားက လာမယ့်ရက်တွေမှာ သူ့ရဲ့ ဒဏ်ရာအတွက် ဆေးစစ်မှုတွေ ၊ ကျွမ်းကျင် ဆရာဝန်တွေနဲ့ ညှိနှိုင်းမှုတွေ ဆက်လက် လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။ အသင်းရဲ့ ဝန်ထမ်းတွေကလည်း တင်းဘား တယောက် အမြန်ဆုံး ပြန်လည် သက်သာလာအောင် အစွမ်းကုန် ကြိုးစားပေးနေကြပါတယ်။ ဒဏ်ရာအခြေအနေနဲ့ ပတ်သတ်ပြီး နောက်ဆက်တွဲ ထုတ်ပြန် ကြေညာမှုတွေကို အချိန်နဲ့ တပြေးညီ ဆက်လက် လုပ်ဆောင်သွားပါမယ်။ အခုချိန်မှာတော့ အားလုံးက တင်းဘား တယောက် အမြန်ဆုံး ပြန်လည် သက်သာလာအောင် ဆုတောင်းပေးနေကြပါတယ်” လို့ ထုတ်ပြန် ကြေညာခဲ့တာပါ။

တင်းဘားက သူ့ရဲ့ ကစားသမား ဘဝမှာ တခါမှ ဒူးဒဏ်ရာ မရဖူးတာကြောင့် သူက ဒူးဒဏ်ရာကနေ ခပ်မြန်မြန်ပဲ ပြန်လည် သက်သာလာဖွယ် ရှိနေပေမယ့် ဒူးဒဏ်ရာကြောင့် အနည်းဆုံး ၁လ ကနေ အများဆုံး ၃လ ဝန်းကျင် အနားယူရနိုင်တယ်လို့ အာဆင်နယ်နဲ့ နီးစပ်သူတွေက ဆိုထားပါတယ်။

Exit mobile version