နယ်သာလန် ထိပ်သီးကလပ် အေဂျက်ကနေ ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်ဆီ ပြောင်းရွှေ့လာခဲ့တဲ့ ဗဟိုနောက်ခံလူ တင်းဘားက သူဟာ အာဆင်နယ် အတွက် ကစားပေးဖို့နဲ့ အာဆင်နယ် ပရိသတ်တွေကို တွေ့ဆုံဖို့ မစောင့်နိုင်တော့ဘူးလို့ အာဆင်နယ် ကစားသမား ဘဝ ပထမဦးဆုံး အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ဂျူရီယန် တင်းဘားက အေဂျက်ကနေ အာဆင်နယ်ထံ ၆နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အာဆင်နယ်က တင်းဘားအတွက် အေဂျက်ထံ ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ပေးချေခဲ့ရပါတယ်။

Photo Credit: Sky Sports

တင်းဘားက ညာခြေအားသန် ခံစစ်မှူး တဦး ဖြစ်ပြီး ဘောလုံးကိုင် ကစားရာမှာ ထူးချွန်သလို ဗဟိုခံစစ် ၊ ညာနောက်ခံနေရာနဲ့ လိုအပ်ရင် ဗဟိုကွင်းလယ် ၊ ကွင်းလယ်ခံစစ် စတဲ့ နေရာတွေမှာပါ ကစားနိုင်စွမ်း ရှိတဲ့ အရည်အသွေးမြင့် ကစားသမားပဲ ဖြစ်ပါတယ်။

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ဆုဖလားတွေ အရယူမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အသင်းကို အကောင်းဆုံး အားဖြည့်နေတဲ့ အာဆင်နယ်နည်းပြချုပ် အာတီတာက တင်းဘားကို အာဆင်နယ် မရောက်ရောက်အောင် ခေါ်ခဲ့တာ ဖြစ်ပြီး အာတီတာက တင်းဘားကို ဗဟိုခံစစ်နဲ့ ညာနောက်ခံနေရာတွေမှာ အဓိက အသုံးပြုသွားဖွယ် ရှိပါတယ်။

Photo Credit: The Times

အာဆင်နယ် ကစားသမား ဘဝ ပထမဦးဆုံး ပြုလုပ်တဲ့ အင်တာဗျူးမှာတော့ တင်းဘားက သူဟာ အာဆင်နယ်ဆီ မပြောင်းလာခင်မှာ အာဆင်နယ်နည်းပြ အာတီတာနဲ့ ဆွေးနွေးမှုတွေ အများကြီး လုပ်ခဲ့ကြောင်း ၊ ငယ်စဉ်ကတည်းက အာဆင်နယ်ကို စောင့်ကြည့်ခဲ့ဖူးပြီး အာဆင်နယ် ပရိသတ်တွေနဲ့ တွေ့ဆုံခွင့် ရဖို့ မစောင့်နိုင်တော့ကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

တင်းဘားက – “ကျွန်တော်က အာဆင်နယ်ရဲ့ ကစားပုံကို သဘောကျပါတယ်။ အေဂျက်ရဲ့ ကစားပုံနဲ့ ဆင်တယ်လို့လည်း ထင်တယ်။ ကျွန်တော်က ဘောလုံးကို နောက်တန်းကနေ စပြီး ကစားရတာမျိုးကို ကြိုက်ပါတယ်။ ကျွန်တော်က မြန်တယ်။ ပြီးတော့ ဒီအသင်းမှာ ကျွန်တော့်အတွက် နေရာ ရှိတယ် ဆိုတာကို ပြချင်တယ်။ ကျွန်တော်က အာဆင်နယ်လို လှပတဲ့ အသင်းအတွက် ကစားပေးနိုင်တော့မှာမို့လို့ စိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော်က အသင်းအတွက် ကစားပေးခွင့် ရပြီး ကွင်းလုံးပြည့်နေမယ့် ပရိသတ်တွေနဲ့ ဆုံတွေ့ဖို့ မစောင့်နိုင်တော့ပါဘူး” လို့ ပြောကြားသွားခဲ့တာပါ။