စာချုပ်သက်တမ်း ပြည့်သွားခဲ့တဲ့ နယ်သာလန် ကွင်းလယ်ကစားသမား ဝိုင်နယ်ဒန်ကို လက်လွတ်လိုက်ရတဲ့ လီဗာပူးလ်အသင်းဟာ အခု နွေစျေးကွက်အတွင်းမှာ ဝိုင်နယ်ဒန်ရဲ့နေရာကို အစားထိုး ဝင်ရောက်နိုင်မယ့် ကွင်းလယ်လူတစ်ယောက်ကို ရှာဖွေလျက်ရှိနေပြီး လက်စတာအသင်းရဲ့ ကွင်းလယ်လူ ယူရီတီလေမန်းစ်ကိုလည်း အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားလျက်ရှိရာ တီလေမန်းစ်ကိုယ်တိုင်ကပါ လီဗာပူးလ်အသင်းဆီကို ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။

Photo Credit : Mirror

လီဗာပူးလ်အသင်းရဲ့နည်းပြ ယာဂင်ကလော့က ပီအက်စ်ဂျီအသင်းဆီကို ရောက်ရှိသွားခဲ့ပြီဖြစ်တဲ့ အသင်းသားဟောင်း ဝိုင်နယ်ဒန်ရဲ့နေရာမှာ အစားထိုးဖို့အတွက် အသက်(၂၄)နှစ်အရွှယ်ရှိ ဘယ်ဂျီယံ ကွင်းလယ်လူ တီလေမန်းစ်ကို အဓိကပစ်မှတ်ထားနေတာဖြစ်ပြီး လက်စတာအသင်းဘက်ကတော့ သူတို့ရဲ့ ကြယ်ပွင့်ကစားသမားကို ပြိုင်ဘက်အသင်းဆီ ရောင်းချသွားဖို့ ဆန္ဒမရှိပဲ ဖြစ်နေပါတယ်။ ဒါပေမယ့် Mail Sports ရဲ့ ဖော်ပြချက်မှာတော့ လက်စတာဘက်ကနေ တီလေမန်းစ်ကို မဖြစ်မနေ ရောင်းချရမယ်ဆိုရင်တောင် ပြောင်းရွှေ့ကြေးကို ပေါင်(၆၄)သန်းလောက်အထိ အလိုရှိနေတယ်လို့ သိရှိရပြီး ဘယ်ဂျီယံအခြေစိုက် သတင်းမီဒီယာ Voetbal 24 ရဲ့ ဖော်ပြချက်မှာတော့ ဒီတန်ကြေးအတိုင်း လီဗာပူးလ်ဘက်ကနေ ကမ်းလှမ်းလာနိုင်တယ်လို့ ဖော်ပြထားပါတယ်။

Photo Credit : Goal

လီဗာပူးလ်အသင်းဟာ ဝိုင်နယ်ဒန်ရဲ့ စာချုပ်ကိစ္စ အဆင်မပြေ ဖြစ်နေရစဉ်ကတည်းက တီလေမန်းစ်ကို စတင်ပစ်မှတ်ထားနေခဲ့တာဖြစ်ပြီး တီလေမန်းစ်ကိုလည်း ဝိုင်နယ်ဒန်ရဲ့နေရာမှာ အကောင်းဆုံး အစားထိုးနိုင်မယ့် ကွင်းလယ်လူအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းအနေနဲ့ နောက်ပိုင်းနှစ်တွေမှာ ကစားသမားသစ်တွေအတွက် မြင့်မားလှတဲ့ ပြောင်းရွှေ့ကြေးတွေ သိပ်မသုံးခဲ့ပေမယ့်လည်း အသင်းအတွက် မဖြစ်မနေ လိုအပ်နေတဲ့ ကစားသမားမျိုးဆိုရင်တော့ ဗန်ဒိုက် အယ်လီဆန်တို့လို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးအထိ ပေးချေပြီး ခေါ်ယူတတ်လေ့ရှိပါတယ်။ လတ်တလောမှာ ထွက်ပေါ်နေတဲ့ သတင်းတွေအရ တီလေမန်းစ်ကိုယ်တိုင်ကပါ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ကစားဖို့အတွက် အလွန်စိတ်အားထက်သန်နေတာကြောင့် ဒီနွေစျေးကွက်အတွင်း သူ့ကို လီဗာပူးလ်ဆီ ရောင်းချပေးဖို့အတွက် လက်စတာအသင်းဘက်ကိုပါ ဖိအားပေး တောင်းဆိုမှုတွေ လုပ်ဆောင်လိမ့်မယ်လို့ သိရပါတယ်။ တီလေမန်းစ်ဟာ ၂၀၁၉ခုနှစ်ကတည်းက မိုနာကိုကနေ လက်စတာကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ အက်အေဖလားချန်ပီယံဆုကို ရယူထားနိုင်ခဲ့ပါတယ်။