လက်စတာစီးတီးအသင်းရဲ့ ကွင်းလယ်ကစားသမား ယိုရီတီလေမန်းစ်ကို ဥရောပထိပ်တန်း ကလပ်အသင်းတွေများစွာကနေ ခေါ်ယူကြဖို့ အပြိုင်အဆိုင် စိတ်ဝင်စားလျက်ရှိနေတဲ့အချိန်မှာ လာလီဂါထိပ်သီးကလပ် ဘာစီလိုနာအသင်းက တီလေမန်းစ်ကို ခေါ်ယူဖို့ စိတ်အားထက်သန်လျက် ရှိလို့နေပြီး ကစားသမားကို်ယ်တိုင်ကလည်း ဘာစီလိုနာကို ပြောင်းရွှေ့ဖို့အတွက် စဉ်းစားလျက်ရှိနေတယ်လို့ စပိန်သတသင်းစာ Mundo Deportivo ကနေ ဖော်ပြလာပါတယ်။

Photo Credit : FotMob

အသက်(၂၄)နှစ်အရွှယ်ရှိ ဘယ်ဂျီယံလက်ရွေးစင် ကွင်းလယ်ကစားသမား တီလေမန်းစ်ဟာ ၂၀၁၉ခုနှစ်မှာပဲ မိုနာကိုကနေ လက်စတာအသင်းဆီကို တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းမှာ ခြေစွမ်းပြနိုင်တာကြောင့် လက်စတာက ပေါင်(၃၂)သန်းနဲ့ အပြီးသတ် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ တီလေမန်းစ်ဟာ လက်စတာအသင်းရဲ့ ကွင်းလယ်ပို်င်းမှာ အဓိကကျတဲ့ ကစားသမားတစ်ယောက်ဖြစ်လာခဲ့ရပြီး မနှစ်က ဘောလုံးရာသီမှာလည်း သူရဲ့သွင်းဂိုးနဲ့ပဲ လက်စတာအသင်းကို အက်အေဖလား ချန်ပီယံဖြစ်လာအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါသေးတယ်။

Photo Credit : LCFC

ဒီလို စွမ်းဆောင်နိုင်ခဲ့တဲ့ တီလေမန်းစ်ကို ပရီးမီးယားလိဂ်က ထိပ်သီးကလပ်အသင်းတွေအပြင် လာလီဂါရဲ့ အင်အားကြီး ကလပ်အသင်းတွေဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ်တို့ကပါ တီလေမန်းစ်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလာခဲ့ကြပါတယ်။ သူ့ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေထဲမှာ ပါဝင်လို့နေတဲ့ ဘာစီလိုနာအသင်းကို လာမယ့် အနာဂတ်ကာလတစ်ခုမှာ ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိတယ်လို့ တီလေမန်းစ်ကိုယ်တိုင် ပြောဆိုထားခဲ့ပြီး ရီးယဲလ်အသင်းဆီမှာလည်း ပါဝင်ကစားဖို့ စိတ်ဝင်စားတယ်လို့ ပြောဆိုထားဖူးကြောင်း Mundo Deportivo ကနေ ဖော်ပြထားပါတယ်။ သူရဲ့ ထုတ်ဖော်ပြောဆိုမှုတွေအရ တီလေမန်းစ်အနေနဲ့ လက်စတာကနေ ထွက်ခွာဖြစ်မယ်ဆိုရင် စပိန်လာလီဂါပြိုင်ပွဲဆီ ပြောင်းရွှေ့ချင်နေတဲ့ သဘောမျိိုး သက်ရောက်နေပါတယ်။ တီလေမန်းစ်ကို ပရီးမီးယားလိဂ် ကလပ်အသင်း တစ်သင်းဖြစ်တဲ့ လီဗာပူးလ်အသင်းကလည်း ခေါ်ယူချင်နေပြီး ပီအက်စ်ဂျီအသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားတဲ့ နယ်သာလန် ကွင်းလယ်ကစားသမား ဝိုင်နယ်ဒန်းရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် တီလေမန်းစ်ကို အလိုရှိနေတာ ဖြစ်ပါတယ်။