ပြင်သစ် လက်ရွေးစင်အသင်းရဲ့ ဂန္တဝင် ကစားသမားကြီး တဦး ဖြစ်သူ သူရမ်ကတော့ လာမယ့် ကြားရက်မှာ ယှဉ်ပြိုင် ကစားတော့မယ့် ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီနဲ့ စပိန် ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်တို့ရဲ့ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ပထမအကျော့ ပွဲစဉ်မှာ မက်ဆီ ၊ နေမာနဲ့ အမ်ဘာပေတို့ရဲ့ သုံးဦးတွဲ တိုက်စစ်ကို ပိုင်ဆိုင်ထားတဲ့ ပီအက်စ်ဂျီက ရီးရဲလ်မက်ဒရစ်ကို အနိုင်ရသွားလိမ့်မယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောပြသွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီတို့ဟာ ယခုနှစ် ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ဆုဖလားကို အရယူနိုင်ဖို့ အတွက် ရေပန်းအစားဆုံး ဖြစ်နေတဲ့ အသင်းတွေထဲက နှစ်သင်း ဖြစ်ကြပြီး သူတို့နှစ်သင်း ယခုလိုမျိုး ပြိုင်ပွဲရဲ့ အစောပိုင်းမှာတင် တွေ့ဆုံနေကြတာကြောင့်ပဲ ပရိသတ်တွေက သူတို့နှစ်သင်း ရင်ဆိုင် ယှဉ်ပြိုင်ကြမယ့် ပွဲစဉ်နှစ်ပွဲကို အကြို ဗိုလ်လုပွဲ နှစ်ပွဲ အဖြစ် တင်စားနေကြပါတယ်။

 

Photo Credit: AS English

ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီဟာ မက်ဆီ ၊ နေမာနဲ့ အမ်ဘာပေတို့လို ကမ္ဘာ့ထိပ်တန်း တိုက်စစ်မှူးတွေကို ပိုင်ဆိုင်ထားကာ မာကွင်ဟိုနဲ့ ရာမို့စ်တို့ ဦးဆောင်လာမယ့် ခံစစ်ပိုင်းက အကောင်းမွန်ဆုံး ပုံစံတခုမှာ ရှိနေသလို တဖက်မှာလည်း ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ်ပြိုင်ပွဲကို ၃နှစ်ဆက်တိုက် ဗိုလ်စွဲခဲ့ရာမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ တိုနီကရူးစ် ၊ မိုဒရစ် ၊ ကတ်စ်မဲရိုးတို့ရဲ့ ကွင်းလယ်ကို ပိုင်ဆိုင်ထားပြီး ဘန်ဇီမာ ဦးဆောင်နေတဲ့ တိုက်စစ်ပိုင်းကလည်း မခေတာကြောင့် သူတို့နှစ်သင်းရဲ့ ကြားမှာ ကွာဟချက်ကလည်း အတော်လေး ကျဉ်းမြောင်းကြပါတယ်။

ဒါကြောင့်ပဲ သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံနေတဲ့ ပွဲစဉ်မှာ ဘယ်အသင်းက နောက်တဆင့်ဆီ တက်လှမ်းသွားနိုင်မလဲ ဆိုတာကို မှန်းဆရ ခက်ခဲနေပြီး ပြင်သစ် ဂန္တဝင် ကစားသမားကြီး သူရမ်ကတော့ ပီအက်စ်ဂျီနဲ့ ရီးရဲလ်မက်ဒရစ်တို့ နှစ်သင်းမှာ မက်ဆီ ၊ နေမာနဲ့ အမ်ဘာပေတို့ ရှိနေတဲ့ ပီအက်စ်ဂျီက အသာစီး ရသွားလိမ့်မယ်လို့ သူ့ရဲ့ ထင်မြင်ချက်ကို ပြောပြလာပါတယ်။

Photo Credit: AS English

သူရမ်က – “ဒီပွဲမှာ အနိုင်ယူဖို့ အခွင့်အရေး ပိုများတဲ့ အသင်းကို ရွေးပါ ဆိုရင်တော့ ကျွန်တော်က ပီအက်စ်ဂျီကိုပဲ ရွေးပါမယ်။ အသင်းတသင်းက မက်ဆီ ၊ နေမာနဲ့ အမ်ဘာပေတို့လို ကစားသမားတွေကို ပိုင်ဆိုင်ထားရင် သူတို့အသင်းဟာ ရှုံးနိမ့်ဖို့ ခက်ခဲသလို သရေကျဖို့ ဆိုတာတောင် မလွယ်ကူလောက်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သူတို့က ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေ ဖြစ်နေလို့ပါ။ ယေဘုယျကျကျ ပြောရရင်တော့ ကမ္ဘာ့အဆင့် ကစားသမားတွေကို ပိုင်ဆိုင်ထားရင် ခင်ဗျားအသင်းက နိုင်မှာပါပဲ။ မက်ဆီက ကြီးမားတဲ့ ခြားနားမှုတွေ ဖြစ်လာအောင် လုပ်ဆောင်နိုင်စွမ်း ရှိပါတယ်။ ပြီးတော့ ပီအက်စ်ဂျီက ကမ္ဘာ့အကောင်းဆုံး ဂိုးသမားကို ပိုင်ဆိုင်ထားသလို မာကွင်ဟိုကလည်း ကမ္ဘာ့အကောင်းဆုံး နောက်ခံလူ တဦးပါ။ ကင်ပမ်ဘီကလည်း အတွေ့အကြုံ များပြားတဲ့ နိုင်ငံ့လက်ရွေးစင် ခံစစ်မှူးပါ။ ဒါကြောင့် ဒီပွဲမှာ ပီအက်စ်ဂျီက ပိုပြီး အလေးသာနေပါတယ်။ လူတွေက အမှန်တရားကို ကွဲကွဲပြားပြား သိဖို့ လိုနေပါပြီ။ ရီးရဲလ်မက်ဒရစ် နိုင်မယ် ဆိုတဲ့ အလိမ်အညာတွေကို မပြောသင့်တော့ဘူး” လို့ စပိန်နာမည်ကြီး သတင်းဌာန မာကာနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားသွားခဲ့တာပါ။