Sky Sports Italia နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အစီအစဉ်တစ်ခုအတွင်း လက်ရှိအသင်းမှာ မပျော်ရွှင်ဘူးဆိုတဲ့ စကားတစ်ခွန်း အပါအဝင် သူရဲ့ ချယ်လ်ဆီးကစားသမားဘဝကို လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားနိုင်လောက်တဲ့ ပြောစကားတွေ ပြောဆိုမိခဲ့တဲ့ တိုက်စစ်မှူး လူကာကူဟာ ဒီအင်တာဗျူးအပြီးမှာပဲ နည်းပြတူဟယ်လ်ရဲ့ စိတ်ပျက်မှု အသင်းဖော်တွေနဲ့ ပရိသတ်တွေရဲ့ ငြိုငြင်မှုတွေနဲ့ ရင်ဆိုင်ခဲရတဲ့အပြင် အသင်းအတွက် အလွန်ကို အရေးကြီးလှတဲ့ လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်မှာ အသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။

Photo Credit : Sportskeeda

ပွဲဆူသွားစေခဲ့တဲ့ စကားတွေကို ဒလဟော ပြောမိခဲ့တဲ့ လူကာကူကို အသင်းရဲ့ ပွဲစဉ်တစ်ခုကနေ ချန်လှပ်ခဲ့တဲ့အပေါ် ချယ်လ်ဆီးပရိသတ်တွေ ထောက်ခံခဲ့ကြပေမယ့် ဘောလုံးသမားဟောင်းလည်း ဖြစ်သလို လက်ရှိမှာလည်း Sky Sports ရုပ်သံမှာ Pundit အဖြစ် ဆောင်ရွှက်နေတဲ့ ပေါလ်မာဆင်ကတော့ လူကာကူကို ချန်လှပ်ခဲ့တာ မှားယွင်းတယ်လို့ ထောက်ပြသွားခဲ့ပါတယ်။ ဒါ့အပြင် လူကာကူရဲ့ ပြောစကားတွေနဲ့ပတ်သက်ပြီး ချယ်လ်ဆီးအသင်းဘက်ကနေ အဆင်ပြေပြေနဲ့ ကိုင်တွယ်လိုက်နိုင်ပြီ ထင်လားလို့ မေးခွန်းထုတ်လာခဲ့ရာ ပေါလ်မာဆင်က “မထင်ဘူး။ ဘယ်လိုမှကို မထင်မိတာ။ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အခွင့်အရေးတစ်ခုခုကို ရယူနိုင်ဖို့အတွက်ဆိုရင် ချယ်လ်ဆီးအနေနဲ့ လီဗာပူးလ်အသင်းကို အနိုင်ရဖို့ လိုကိုလိုအပ်ပါတယ်”

Photo Credit : The Independent

“သူတို့ လီဗာပူးလ်ကို အနိုင်ရလိုက်ပြီဆိုရင် မန်စီးတီးအသင်းနဲ့ ရင်ဆိုင်ရမယ့် နောက်ထပ်ပွဲစဉ်မှာ အခွင့်အရေးတစ်ခုခုကို ထပ်ယူနိုင်မှာလေ။ အခုတော့ ဒါကို လက်လွှတ်လိုက်ရသလိုပဲ။ လူကာကူက အသင်းအတွက် ကစားပေးချင်နေတာ ဘာကြောင့် လီဗာပူးလ်နဲ့ပွဲမှာ ကစားခွင့် မရခဲ့တာလဲ။ ချယ်လ်ဆီးအသင်းအတွက် ဘယ်တော့မှကို မကစားပေးချင်တော့ဘူးလို့ ပြောခဲ့တာမျိုးဆိုရင်လည်း တစ်မျိုးပေါ့။ အခုက အဲ့ဒီအတိုင်း ပြောခဲ့တာမှ မဟုတ်တာ။ လူကာကူက သူပြောချင်ရာကို ပြောခဲ့တယ်။ အဲ့ဒီအတွက် ချန်လှပ်ခံခဲ့ရတယ်။ သူ့ကိုလီဗာပူးလ်ပွဲထက် တခြား သိပ်အရေးမပါတဲ့ ပွဲတွေမှာပဲ ပြန်ကစားခွင့်ရမယ်။ အရာအားလုံး အဆင်ပြေနေမယ်ပေါ့။ တကယ်ဆိုရင် တူဟယ်လ်အနေနဲ့ ဒီရာသီအတွင်း အသင်းအတွက် အရေးပါနေတဲ့ ပွဲစဉ်မှာ လူကာကူကို ကစားခိုင်းခဲ့သင့်တယ်။ အသင်းကလည်း သူ့ကို တစ်ပတ် ပေါင်(၃)သိန်းလောက်အထိ ပေးချေနေရတာ။ ပွဲကြီးတွေမှာတော့ သူ ပါဝင်ကစားရဖို့ လိုအပ်မယ်။ တကယ်လို့များ သူက အသင်းအတွက် ထပ်မကစားပေးချင်တော့ဘူး ဒီမှာ မရှိချင်တော့ဘူးဆိုရင်လည်း ထုတ်ပစ်လိုက်ရုံပါပဲ” လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။ ဒါပေမယ့် ပေါလ်မာဆင်က လူကာကူဟာ သူရဲ့ပြောစကားတွေကြောင့် ကြီးလေးတဲ့ ပြစ်ဒဏ်မျိုးကို ချခံရသင့်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။