ဗြိတိန်ရဲ့ နာမည်ကြီး တယ်လီကွန် ဆာဗစ် ကုမ္ပဏီ တခု ဖြစ်တဲ့ Three Telecomဟာ ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးရဲ့ ရင်ဘတ် စပွန်ဆာ အဖြစ် လက်တွဲ လုပ်ကိုင်နေရာ ကနေ ယနေ့မနက် အစောပိုင်းမှာတော့ ချယ်လ်ဆီးနဲ့ စာချုပ်ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။

Three Telecomဟာ တနှစ်ကို ပေါင် ၄၀သန်း ပေးချေကာ ချယ်လ်ဆီးရဲ့ ရင်ဘတ် စပွန်ဆာ အဖြစ် လက်တွဲ လုပ်ကိုင်နေတာ ဖြစ်ပြီး ချယ်လ်ဆီးနဲ့ Three Telecomတို့ လက်တွဲ လုပ်ကိုင်နေတဲ့ အချိန်အတွင်းမှာ ချယ်လ်ဆီးက ဆုဖလားတွေ ရရှိတာကြောင့် Three Telecom အတွက် အကျိုးအမြတ်တွေ ရရှိခဲ့သလို Three Telecomရဲ့ ငွေကြေး ထောက်ပံ့မှုတွေကြောင့်ပဲ ချယ်လ်ဆီးရဲ့ ဝင်ငွေတွေ တိုးခဲ့ပါတယ်။

Photo Credit: Goal

ဒါကြောင့်ပဲ ချယ်လ်ဆီးနဲ့ Three Telecomတို့ရဲ့ လက်တွဲ လုပ်ကိုင်မှုဟာ နှစ်ဦးနှစ်ဖက် အတွက် အကျိုးများတဲ့ လက်တွဲမှု တခုပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ယမန်နေ့မှာတော့ ဗြိတိန်အစိုးရက ချယ်လ်ဆီးရဲ့ ပိုင်ရှင်ဖြစ်သူ အေဘရာမိုဗစ်ချ်ရဲ့ ပိုင်ဆိုင်မှုတွေကို တရားဝင် သိမ်းဆည်းကြောင်းနဲ့ ထိန်းသိမ်းထားကြောင်း ကြေညာမှု အပြီးမှာ ချယ်လ်ဆီးဟာ ဗြိတိန်အစိုးရရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်ရှိသွားခဲ့သလို အသင်းရဲ့ ဝင်ငွေ ၊ ထွက်ငွေ စာရင်းကိုလည်း အစိုးရကပဲ ချုပ်ကိုင်ထားပါတယ်။

Photo Credit: Goal

ဒီအချက်တွေကြောင့်ပဲ Three Telecomက ချယ်လ်ဆီးနဲ့ ဆက်လက်ပြီး လက်တွဲ လုပ်ကိုင်ရင် သူတို့အတွက် ကောင်းကျိုးထက် ဆိုးကျိုး ပိုများလိမ့်မယ်လို့ တွက်ချက်ကာ ယနေ့မနက် အစောပိုင်းမှာပဲ ချယ်လ်ဆီးနဲ့ သူတို့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်ကို ဖျက်သိမ်းဖို့နဲ့ ချယ်လ်ဆီးရဲ့ ရင်ဘတ် စပွန်ဆာနေရာ ၊ စတမ်းဖို့ဒ် ဘရေ့ဒ်ချ်မှာ ရှိနေတဲ့ သူတို့ကုမ္ပဏီရဲ့ ကြော်ညာတွေ အားလုံးကို ဖယ်ရှားပေးဖို့ ချယ်လ်ဆီးထံ အကြောင်းကြားထားတယ် လို့ သိရပါတယ်။

ဒါကြောင့် ချယ်လ်ဆီးဟာ လာမယ့်ပွဲစဉ်တွေမှာ Three Telecomရဲ့ အမှတ်တံဆိပ် မပါဝင်တဲ့ ဘောလုံးအင်္ကျီကိုသာ ဝတ်ဆင် ကစားရဖွယ် ရှိနေပါတယ်။