မကြာခင်မှာ ပြင်သစ်ရှံးထွက်ဖလားပြိုင်ပွဲ(၂)ခုရဲ့ ဗိုလ်လုပွဲနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေကိုပါ ဆင်နွဲရတော့မှာဖြစ်တဲ့ ပြင်သစ်လီဂူးချန်ပီယံအသင်း ပီအက်စ်ဂျီအသင်းဟာ ဒီရက်ပိုင်းမှာပဲ အသင်းလိုက် လေ့ကျင့်ခန်းအစီအစဉ်တွေကို စတင်တော့မှာဖြစ်လို့ ကစားသမားတွေနဲ့ ဝန်ထမ်းတွေကို ဆေးစစ်မှုတွေ လုပ်ဆောင်လာခဲ့ရာ ကစားသမား(၃)ယောက်အထိကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရတယ်လို့ အသင်းဘက်ကနေ သတင်းတွေ ထုတ်ပြန်လာခဲ့ပါတယ်။

Photo Credit : The Straits Times

ပီအက်စ်ဂျီအသင်းဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒီရာသီရဲ့ ပြင်သစ်လီဂူးပြိုင်ပွဲကို ရပ်နားလိုက်ရတဲ့အတွက် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီရဲ့ပြင်သစ်လီဂူးချန်ပီယံအဖြစ် စောစောစီးစီး သတ်မှတ်ခံလိုက်ရသလို အခြားလိဂ်က အသင်းတွေ ဘောလုံးပြိုင်ပွဲတွေကို ပြန်ကစားရပြီဖြစ်ပေမယ့်လည်း ပီအက်စ်ဂျီကတော့ အခုထိကို အနားယူနေရတာဖြစ်ပါတယ်။ အမှတ်ပေးပွဲတွေကို ဆင်နွဲစရာမလိုတော့တဲ့ ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်ရှံးထွက်ဖလားပြိုင်ပွဲတွေဖြစ်တဲ့ Coupe de France ပြိုင်ပွဲနဲ့ Coupe de la Ligue ပြိုင်ပွဲတွေမှာ ဗိုလ်လုပွဲတွေကို ဆက်လက်ဆင်နွဲရဦးမှာဖြစ်ပြီး ဒီဇူလိုင်လအတွင်းမှာ ဒီပြိုင်ပွဲတွေကို ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။

Photo Credit : France tv sports

ပီအက်စ်ဂျီအသင်းဟာ လာမယ့်ဇူလိုင်လ(၂၄)ရက်နေ့မှာ စိန့်အက်တီယန်အသင်းနဲ့အတူ Coupe de France ပြိုင်ပွဲရဲ့ဖိုင်နယ်ကို ဆင်နွဲရမှာဖြစ်ပြီး ဇူလိုင်လ(၃၁)ရက်နေ့မှာတော့ လိုင်ယွန်အသင်းနဲ့ Coupe de la Ligue ဖလားဖိုင်နယ်ကို ဆက်လက်ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ ဒီပွဲတွေကို ဆင်နွဲပြီးပြီဆိုရင်တော့ လာမယ့်သြဂုတ်လအတွင်းမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကိုလည်း ဆက်လက်ယှဉ်ပြိုင်ရဦးမှာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ လက်ရှိမှာတော့ ဒေါ့မွန်ကို (၁၆)သင်းအဆင့်မှာ အနိုင်ရထားခဲ့တာကြောင့် ကွာတားဖိုင်နယ်အဆင့်ကို တတ်လှမ်းထားနိုင်ခဲ့ပြီး သြဂုတ်လ (၁၂)ရက်နေ့ကနေ (၁၅)ရက်နေ့အတွင်း ယှဉ်ပြိုင်ကစားရဖွယ်ရှိနေပါတယ်။ ဒါပေမယ့် တနင်းလာနေ့က ဆေးစစ်ချက်မှာတော့ ပီအက်စ်ဂျီအသင်းရဲ့ ကစားသမား(၃)ယောက်နဲ့ ဝန်ထမ်းတစ်ဦးဆီမှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရပြီး အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ ကာဗာနီနဲ့မြူနီယာတို့မှာလည်း ဇွန်လအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်တော့မှာဖြစ်လို့ အသင်းကနေ ထွက်ခွာကြတော့မှာဖြစ်တဲ့အတွက် ကစားသမားအင်အား လျော့နည်းနေနိုင်ပါတယ်။