မနေ့ညက ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့မှာ ကျင်းပခဲ့တဲ့ ဥရောပချန်ပီယံလိဂ်ဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ်အသင်းကို အရေးနိမ့်ခဲ့ပြီး ဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရတဲ့ ပီအက်စ်ဂျီအသင်းဟာ အသင်းရဲ့ရှံးနိမ့်မှုကြောင့် နည်းပြသောမတ်စ်တူချယ်ကို ရာထူးကနေ ထုတ်ပယ်သွားဖို့အထိတောင် စဉ်းစားလာခဲ့ပြီး သူရဲ့နေရာမှာလည်း အသင်းလက်မဲ့ ဖြစ်လို့နေတဲ့ ဂျုဗင်တပ်စ်အသင်းရဲ့နည်းပြဟောင်း မက်စ်အယ်လီဂရီနဲ့ အစားထိုးသွားဖွယ် ရှိနေတယ်လို့ နာမည်ကျော်ဂျာနယ်လစ် ဒီမာဇီယိုကနေ ထုတ်ပြန်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : talkSPORT

ပီအက်စ်ဂျီအသင်းကို ကလပ်အသင်း သမိုင်းကြောင်းတလျှောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ဗိုလ်လုပွဲအထိကို ပို့ဆောင်ထားနိုင်ခဲ့တဲ့ နည်းပြတူချယ်ဟာ ဖိုင်နယ်ပွဲရောက်ခါမှ ဘိုင်ယန်အသင်းကို အနိုင်မယူခဲ့ပဲ အသင်းသားဟောင်းဖြစ်ခဲ့ဖူးတဲ့ ကင်စလေကိုးမန်းရဲ့တစ်လုံးတည်းသောသွင်းဂိုးနဲ့ ချန်ပီယံလိဂ်ဆုဖလားကြီးကို လွဲချော်ခဲ့ရပါတယ်။ ချန်ပီယံလိဂ်ဆုဖလားဟာ ပီအက်စ်ဂျီအသင်းအတွက် တစ်ခါမှ မရဖူးသေးတဲ့ ဆုဖလားကြီးဖြစ်လို့ အသင်းဘက်ကနေ အရမ်းကို အလိုရှိနေတာဖြစ်ပေမယ့်လည်း အရမယူဆောင်ပေးနိုင်ခဲ့တဲ့ တူချယ်အနေနဲ့ သူရဲ့နည်းပြရာထူးကို စွန့်လွှတ်ရဖို့က အတော်လေးကို နီးစပ်လာခဲ့ရပါတယ်။

Photo Credit : Goal

ဒေါ့မွန်အသင်းရဲ့နည်းပြဟောင်းတူချယ်ဟာ ပီအက်စ်ဂျီအသင်းဆီကို ၂၀၁၈ခုနှစ်ကမှ ရောက်ရှိလာခဲ့တာဖြစ်ပြီး သူရဲ့ပထမဆုံးနှစ်မှာပဲ အသင်းအတွက် လီဂူးအမှတ်ပေးဖလားနဲ့ ပြည်တွင်းရှံးထွက်ဖလားတစ်လုံး ရယူပေးနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်မှာတော့ (၁၆)သင်းအဆင့်မှာပဲ မန်ချက်စတာယူနိုက်တက်အသင်းကို အရေးနိမ့်ခဲ့ရပြီး ပြိုင်ပွဲကနေ လှည့်ပြန်ခဲ့ရပါတယ်။ ဒီနှစ်ရာသီမှာလည်း တူချယ်ဟာ ပီအက်စ်ဂျီအတွက် ပြည်တွင်းမှာ ရှိရှိသမျှ ဖလားအားလုံး ရယူပေးနိုင်ခဲ့ပြီး အသင်းကိုလည်း ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ ပို့ဆောင်ထားခဲ့ပေမယ့်လည်း အသင်းအတွက် အမှန်တကယ်ကို လိုအပ်နေတဲ့ ချန်ပီယံလိဂ်ဖလားကို မယူပေးနိုင်ခဲ့တဲ့အတွက် အသင်းကနေ ထုတ်ပယ်ခံရဖို့ အတော်လေးကို နီးစပ်နေခဲ့တယ်လို့ ဒီမာဇီယိုကနေ ပြောဆိုလာခဲ့ပြီး တူချယ်ရဲ့နေရာမှာလည်း ဂျုဗင်တပ်စ်အသင်းရဲ့နည်းပြဟောင်း အယ်လီဂရီနဲ့ အစားထိုးဖွယ် ရှိနေတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ အယ်လီဂရီဟာ ဂျုဗင်တပ်စ်နဲ့ လမ်းခွဲပြီးနောက်ပိုင်းကတည်းက အခုချိန်ထိ အသင်းလက်မဲ့ဖြစ်နေပေမယ့် ကလပ်အသင်းတော်တော်များများရဲ့ပစ်မှတ်ထဲမှာ ပါဝင်နေတဲ့အပြင် ယူရိုပါလိဂ်ဖလားကို မရယူနိုင်ခဲ့လို့ နည်းပြကွန်တီကို ထုတ်ပယ်သွားဖို့ ရှိလို့နေတဲ့ အင်တာမီလန်အသင်းကလည်း အယ်လီဂရီကို နည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့ ပစ်မှတ်ထားလျက်ရှိနေပါတယ်။