MySport Myanmar

စပိန်ဘာသာစကား သင်ကြားနေတဲ့ ချယ်လ်ဆီး နည်းပြဟောင်း တူဟယ်လ်

ချယ်လ်ဆီးအသင်းရဲ့ နည်းပြဟောင်းဖြစ်သူ သောမတ်စ်တူဟယ်လ်ဟာ ချယ်လ်ဆီးကနေ ထွက်ခွာခဲ့ရပြီးနောက်ပိုင်းကတည်းက နောက်ထပ် အသင်းတစ်သင်းကို ပြောင်းလဲ ကိုင်တွယ်ခြင်း မရှိသေးပဲ အသင်းလက်မဲ့သာ ဖြစ်နေပေမယ့် လက်ရှိမှာတော့ စပိန်ဘာသာစကားကို သင်ကြားလျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Eurosport

ဂျာမန်လူမျိုး ဘောလုံးနည်းပြ တူဟယ်လ်ဟာ ဒေဒါမွန် ပီအက်စ်ဂျီ ချယ်လ်ဆီးအသင်းတို့ကို ကိုင်တွယ်ခဲ့ဖူးပြီး သူရဲ့နည်းပြအလုပ်ကို စတုဂတ် လူငယ်အသင်း နည်းပြအဖြစ်နဲ့ စတင် ဆောင်ရွက်ခဲ့ပါတယ်။ အဲ့ဒီနောက် အော့ဘတ်စ် အရန်အသင်းမှာ နည်းပြအဖြစ် တာဝန်ယူခဲ့ပြီး မိန့်ဇ်နည်းပြ ဖြစ်လာခဲ့တဲ့ တူဟယ်လ်ဟာ ၂၀၁၅ခုနှစ်မှာတော့ နည်းပြကြီး ယာဂန်ကလော့ပ်နဲ့ လက်တွဲဖြုတ်ခဲ့တဲ့ ဒေါ့မွန်အသင်းကို ကိုင်တွယ်ရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ဒေါ့မွန်အသင်းနဲ့  လက်တွဲပြီး (၂)နှစ်အကြာမှာပဲ အသင်းနဲ့ လမ်းခွဲကာ လီဂူးထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းဆီ ထပ်မံ ပြောင်းရွှေ့ခဲ့ပြန်ပါတယ်။

Photo Credit : TEAMtalk

ပီအက်စ်ဂျီမှာ ပြည်တွင်း ဆုဖလားတွေကို ရယူပေးခဲ့ပြီး ချန်ပီယံလိဂ်မှာပါ ဖိုင်နယ်ထိ ပို့ဆောင်ပေးနိုင်ခဲ့တဲ့ တူဟယ်လ်က ၂၀၂၀ ဒီဇင်ဘာမှာ အသင်းကနေ ထုတ်ပယ်ခံခဲ့ရပြီး တစ်လခန့်အကြာမှာပဲ ချယ်လ်ဆီး နည်းပြ ဖြစ်လာခဲ့ပါတယ်။ ချယ်လ်ဆီးကို စတင် ကိုင်တွယ်ရတဲ့ နှစ်မှာပဲ ချန်ပီယံလိဂ်မှာ ချန်ပီယံဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့တဲ့ တူဟယ်လ်ဟာ ချယ်လ်ဆီးနဲ့ ပွဲပေါင်းတစ်ရာ ပြည့်သွားချိန်မှာပဲ အသင်းရဲ့ရလဒ်တွေကြောင့် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြန်ပါတယ်။ အခုဆိုရင် တူဟယ်လ်က အသင်းလက်မဲ့ နည်းပြတစ်ဦး ဖြစ်နေသလို သူရဲ့ဗီဇာသက်တမ်း ကုန်ဆုံးသွားပြီးတဲ့နောက် ဗြတိန်က ထွက်ခွာသွားဖို့ပါ ဖိအားပေးခံခဲ့ရပါတယ်။ လက်ရှိမှာ ဘယ်အသင်းကိုမှ ပြောင်းလဲ ကိုင်တွယ်ခြင်း မရှိသေးတဲ့ တူဟယ်လ်ဟာ စပိန်ဘာသာစကားကို သင်ကြားနေတယ်လို့ ဂျာမန်သတင်းစာ Blid ရဲ့ သတင်းထောက် ခရစ္စတီယန်ဖော့ခ်က သတင်းဖော်ပြလာတာကြောင့် တူဟယ်လ်အနေနဲ့ လာမယ့် အနာဂတ်မှာ လာလီဂါကလပ်အသင်း တစ်သင်းသင်းကိုများ ကိုင်တွယ်သွားမလားဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာရပါတယ်။

Exit mobile version