ဒီနေ့ည ဝင်ဘာလေကွင်းအတွင်း ကျင်းပသွားမယ့် အက်အေဖလား ဗိုလ်လုပွဲစဥ်မှာ လီဗာပူးလ်အသင်းနဲ့ ထိပ်တိုက်ရင်ဆိုင်သွားရမယ့် ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ သောမတ်စ်တူဟယ်လ်က သူတို့အသင်းအနေနဲ့ ပြိုင်ဘက်လီဗာပူးလ်အသင်းရဲ့ ဆုဖလား(၄)လုံး အိမ်မက်တွေကို ရိုက်ချိုးသွားမှာ ဖြစ်တယ်လို့ ကြွေးကြော်ပြောဆိုသွားခဲ့ပါတယ်။

ဒီရာသီမှာ ပြိုင်ပွဲအရပ်ရပ်အတွင်း အကောင်းဆုံး စွမ်းဆောင်လို့ထားတဲ့ လီဗာပူးလ်အသင်းဟာ လိဂ်ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲထားသလို ချန်ပီယံလိဂ်နဲ့ အက်အေဖလားတို့မှာလည်း ဗိုလ်လုပွဲတွေကို တတ်လှမ်းထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်မှာလည်း အမှတ်ပေးချန်ပီယံဆုကို လက်ကျန်ပွဲ(၂)ပွဲအထိ မျှော်လင့်လို့ရနိုင်သေးတဲ့ အနေအထားမှာ ရှိနေသေးတာကြောင့် လီဗာပူးလ်ဟာ ဒီရာသီမှာ ဆုဖလား(၄)လုံး ချန်ပီယံ ဖြစ်လာဖို့ အခြေအနေများနေရတာ ဖြစ်ပါတယ်။ ဒါပေမယ့် လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်နဲ့ တစ်နိုင်ငံတည်းသားတွေဖြစ်တဲ့ နည်းပြတူဟယ်လ်က သူရဲ့ချယ်လ်ဆီးအသင်းက လီဗာပူးလ်ရဲ့ ဆုဖလား(၄)လုံး အိမ်မက်ကို စတင်ရိုက်ချိုးပစ်မှာ ဖြစ်တယ်လို့ အသိပေးပြောဆိုလိုက်ပါတယ်။

တူဟယ်လ်က “ကလော့ပ်က အံ့သြစရာကောင်းသလို ရယ်စရာကောင်းတဲ့ လူတစ်ယောက်ပါ။ ကမ္ဘာပေါ်က အကောင်းဆုံးသော နည်းပြတွေထဲငမှ တစ်ယောက်အပါအဝင်လ​ည်း ဖြစ်ပါတယ်။ သူ ဒေါ့မွန်အသင်းကို ကိုင်တွယ်ခဲ့စဥ်တုန်းက တစ်နိုင်ငံလုံးက ဒေါ့မွန်အသင်းအပေါ် အရမ်းချစ်မြတ်နိုးကြတယ်။ ဒါကြောင့် အခု သူ လီဗာပူးလ်ကို ကိုင်တွယ်နေချိန်မှာ တစ်နိုင်ငံလုံးက လီဗာပူးလ်အသင်းကို ဝိုင်းချစ်နေကြသလို သင်ခံစားနေရပြီလေ။ ဒါက သူ့အတွက်တော့ အကြီးမားဆုံးသော ဂုဏ်ယူစရာတစ်ခု ဖြစ်သလို ဒါကပဲ သူနဲ့ ရင်ဆိုင်ရမယ့် အသင်းတွေအတွက် ကိုင်တွယ်ဖြေရှင်းရမယ့် ကိစ္စ ဖြစ်လာရတယ်။ ဒါက အမြဲတမ်း ဒီလိုမျိုး ဖြစ်နေတာ ဆိုပေမယ့် ဒါက ပျော်စရာ အစိတ်အပိုင်းတစ်ခုပါပဲ။ ဒါကြောင့် ဒီနေ့ ကျွန်တော်တို့ လူကြမ်းကြီးတွေ ဖြစ်သွားရရင်လည်း ပြသာနာ မရှိပါဘူး။ ဒီနိုင်ငံကလူတွေ ဖြစ်စေချင်နေတဲ့အပေါ် စာနာစိတ် မထားပေးနိုင်ပါဘူး။ ကျွန်တော်တို့လည်း ဆုဖလား ရယူသွားချင်ပါတယ်” လို့ ရှင်လင်းပြောဆိုသွားခဲ့ပါတယ်။