မနေ့ညက လန်းစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ပြင်သစ်လီဂူးပွဲစဉ်(၂)အပြီး သတင်းစာရှင်းလင်းပွဲအတွင်း ပီအက်စ်ဂျီအသင်းနည်းပြဖြစ်သူ သောမတ်တူချယ်လ်ကို သတင်းထောက်တစ်ဦးက အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လျက်ရှိနေတဲ့ အာဆင်နယ်အသင်းရဲ့ ပြင်သစ်ကွင်းလယ်ကစားသမား မက်တီအိုဂွမ်ဒူဇီကို ခေါ်ယူဖွယ်ရှိမရှိ မေးမြန်းလာခဲ့ရာ တူချယ်လ်က ခေါ်ယူမှာမဟုတ်ဘူးကြောင်း ပြန်လည်ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Metro

အသက်(၂၁)နှစ်သာရှိသေးတဲ့ ပြင်သစ်လူငယ်ကွင်းလယ်ကစားသမား ဂွမ်ဒူဇီဟာ အာဆင်နယ်အသင်းနည်းပြ အာတီတာရဲ့လက်အောက်မှာ အနာဂတ်ပျောက်ဆုံးနေရသူဖြစ်ပြီး ဒီနှစ်နွေစျေးကွက်အတွင်းမှာပဲ အသင်းနဲ့ လက်တွဲဖြုတ်ဖို့ နီးစပ်နေသူဖြစ်ပါတယ်။ ဒီပြင်သစ်ကစားသမားကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲမှာ ပြင်သစ်လီဂူးချန်ပီယံ ပီအက်စ်ဂျီအသင်းလည်း ပါဝင်နေတယ်လို့ ဖော်ပြလာခဲ့ပေမယ့် တူချယ်လ်ကတော့ ဂွမ်ဒူဇီကို စိတ်ဝင်စားမှုမရှိကြောင်း ငြင်းဆိုသွားခဲ့ပါတယ်။ တူချယ်လ်က “ကျွန်တော်တို့တွေ ဖလော်ရန်ဇီ(အီတလီညာနောက်ခံလူ)ကို ရိုးမားအသင်းကနေ ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်လျက်ရှိနေပါတယ်”

Photo Credit : Metro

“တိုက်စစ်မှူးချူပိုမိုတင်းကိုလည်း အသင်းမှာ ဆက်လက်ရှိနေဖို့အတွက် ဆွေးနွေးမှုတွေကို ဆက်လက်ပြုလုပ်လျက် ရှိနေပါသေးတယ်။ အာဆင်နယ်ကနေ မက်တီအိုဂွမ်ဒူဇီကို ခေါ်ယူဖို့ကတော့ No ပါ” လို့ သတင်းစာရှင်းလင်းပွဲအတွင်းမှာ ဖြေဆိုသွားခဲ့ပါတယ်။ ဂွမ်ဒူဇီဟာ အရည်အသွေးမြင့် လူငယ်ကစားသမားကောင်းတစ်ယောက် ဖြစ်ပေမယ့်လည်း သူရဲ့စည်းကမ်းပိုင်းဆိုင်ရာ အားနည်းချက်တွေကြောင့် အာဆင်နယ်အသင်းကနေ သူ့ကို ရှင်းထုတ်ချင်နေတာဖြစ်ပြီး အာဆင်နယ်ဘက်ကနေ လိုင်ယွန်အသင်းရဲ့ကွင်းလယ်ကစားသမား အာဝါကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ချိန်မှာလည်း ဂွမ်ဒူဇီကို အပြောင်းအရွှေ့ တစိတ်တပိုင်းအဖြစ်နဲ့ အလိုက်ပေးကမ်းလှမ်းခဲ့ပါသေးတယ်။ ဂွမ်ဒူဇီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း ဘရိုက်တန်နဲ့ အာဆင်နယ်အသင်းတို့ ကစားခဲ့တဲ့ပွဲစဉ်အတွင်း ဘရိုက်တန်တိုက်စစ်ကစားသမား မူပေးနဲ့ ပြသာနာဖြစ်ပွားခဲ့ပြီးနောက် သူရဲ့ဆိုရှယ်မီဒီယာပေါ်ကနေ မူပေးရဲ့လုပ်ခလစာနဲ့ပတ်သက်ပြီး လှောင်ပြောင်ခဲ့တာကြောင့် နည်းပြအာတီတာက ဂွမ်ဒူဇီကို စိတ်ပျက်ခဲ့ရကာ ပွဲအများစုမှာ လူစာရင်းကနေ ချန်လှပ်ထားခြင်းကိုပါ ခံခဲ့ရပါတယ်။