ချယ်လ်ဆီးအသင်း နည်းပြဟောင်း သောမတ်စ်တူဟယ်လ်ဟာ ချယ်လ်ဆီးကနေ ထုတ်ပယ်ခံရပြီး အသင်းလက်မဲ့ ဖြစ်နေရချိန်မှာပဲ ပရီးမီးယားလိဂ်က ကလပ်အသင်း (၂)သင်းရဲ့ ကမ်းလှမ်းမှုတွေကို လက်ခံရရှိခဲ့ပေမယ့်လည်း ဒီကမ်းလှမ်းချက်တွေကို တူဟယ်လ်ဘက်က ငြင်းဆန်ပယ်ချသွားခဲ့တယ်လို့ သိရပါတယ်။

Thomas Tuchel was sacked by Chelsea in September following a poor run of form

Photo Credit : Metro

ချယ်လ်ဆီးအသင်းကို ဥရောပချန်ပီယံလိဂ်ဖလားအပြင် ကလပ်အသင်း သမိုင်းတစ်လျှောက်မှာ တစ်ကြိမ်တစ်ခါမှ မပိုင်ဆိုင်ဖူးသေးတဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားကိုပါ ဆွတ်ခူးနိုင်စေခဲ့တဲ့ ဂျာမန်လူမျိုး ဘောလုံးနည်းပြ တူဟယ်လ်က ဒီနှစ်ရာသီမှာ အသင်းကို ရလဒ်ကောင်းတွေ ရရှိဖို့ မလုပ်ဆောင်နိုင်ခဲ့ရာကနေ ရာထူးက ထုတ်ပယ်ခံလိုက်ရတာ ဖြစ်ပါတယ်။ ချယ်လ်ဆီးနည်းပြအဖြစ် (၁၉)လအထိ တာဝန်ယူခဲ့တဲ့ တူဟယ်လ်ဟာ အရည်အသွေးရှိတဲ့ နည်းပြတစ်ဦး ဖြစ်တာကြောင့် သူ့ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေ များစွာရှိနေရပြီး ဒီအသင်းတွေထဲမှာ ပရီးမီးယားလိဂ်က ကလပ်အသင်းတွေလည်း ပါဝင်နေခဲ့ပါတယ်။

Photo Credit : TEAMtalk

ဒေါ့မွန် ပီအက်စ်ဂျီ ချယ်လ်ဆီးတို့လို အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးတဲ့ တူဟယ်လ်ဟာ သူကိုင်တွယ်ခဲ့ဖူးတဲ့ အသင်းတွေမှာ အောင်မြင်မှုတွေ ရယူနိုင်အောင် တည်ဆောက်ပေးနိုင်ခဲ့တဲ့ မှတ်တမ်းကောင်းတွေကြောင့် သူ့ကို အလိုရှိနေတဲ့ ကလပ်အသင်းတွေ များစွာရှိနေတဲ့အထဲကမှ အမည်ဖော်ပြထားခြင်းမရှိတဲ့ ပရီးမီးယားလိဂ် ကလပ်အသင်း(၂)သင်းကပါ တူဟယ်လ်ကို ချဉ်းကပ်ခဲ့သေးတယ်လို့ The Telegraph ကနေ ဖော်ပြလာခဲ့ပါတယ်။ တူဟယ်လ်ဘက်ကတော့ ဒီကမ်းလှမ်းချက်တွေကို ငြင်းဆန်ထားခဲ့ပြီး သူကိုင်တွယ်ရမယ့် အသင်းသစ် တစ်သင်းကို ဆက်လက် ရှာဖွေနေဆဲသာ ရှိနေပါတယ်။ ဒီကလပ်အသင်းတွေအပြင် ဒီရာသီထဲ ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရတဲ့ လေဗာကူဆင်အသင်းပါ တူဟယ်လ်ကို နည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့ ကြိုးပမ်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့်လည်း တူဟယ်လ်က ပယ်ချခဲ့တာကြောင့် နောက်ဆုံးမှာ လီဗာပူးလ် ရီးယဲလ် ဘိုင်ယန်တို့ရဲ့ ကစားသမားဟောင်းကြီး ဇာဗီအလွန်ဆိုကိုသာ အစားထိုး ခန့်အပ်ခဲ့ရတာ ဖြစ်ပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ ရီးယဲလ်မက်ဒရစ်အသင်းက အသင်းရဲ့ ဝါရင့်နည်းပြကြီး အန်စလော့တီနေရာမှာ နည်းပြတစ်ဦးနဲ့ ရေရှည်အစားထိုးဖို့အတွက် တူဟယ်လ်ကို ချိန်ရွယ်ထားတယ်လို့ သိရှိရပါတယ်။