ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ နည်းပြသစ် ဖြစ်သူ တူဟယ်က သူ့ရဲ့ ဘိုင်ယန်နည်းပြဘဝ အဖွင့်ပွဲမှာပဲ အသင်းဟောင်း ဒေါ့မွန်ကို ၄-၂ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ယူကာ အသင်းသစ် ဘိုင်ယန်မြူးနစ်ကို အဆင့်(၁)ဆီ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

ဂျာမန်လူမျိုး ထိပ်သီးနည်းပြ တဦး ဖြစ်သူ သောမတ်စ် တူဟယ်က ဒေါ့မွန် ၊ ပီအက်စ်ဂျီ ၊ ချယ်လ်ဆီး စတဲ့ အသင်းတွေနဲ့ ဆုဖလားပေါင်း များစွာ ရယူနိုင်ခဲ့သူ ဖြစ်ပြီး သူက ချယ်လ်ဆီးနဲ့အတူ ချန်ပီယံလိဂ် ၊ ဥရောပစူပါဖလား ၊ ကမ္ဘာ့ကလပ်ဖလား စတဲ့ ဒိတ်ဒိတ်ကြဲ ဆုဖလားတွေကို ရယူနိုင်ခဲ့တာကြောင့် ကမ္ဘာ့အကောင်းဆုံးနည်းပြဆုကိုပါ သိမ်းပိုက်နိုင်ခဲ့သူပါ။

Photo Credit: 90 Min

တူဟယ်က ချယ်လ်ဆီးကို အကောင်းဆုံးပုံစံနဲ့ ကိုင်တွယ် ပြခဲ့ပေမယ့် အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်ပြီးနောက် အသင်းပိုင်ရှင်သစ် တော့ပ် ဘိုလေနဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် တော့ပ် ဘိုလေက ယခုနှစ် ဘောလုံးရာသီ အစမှာပဲ သူ့ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။

ချယ်လ်ဆီးကနေ ထုတ်ပယ်ခံခဲ့ရပေမယ့် သူ့ရဲ့ အရည်အချင်းတွေကြောင့် စပါး ၊ ရီးရဲလ်မက်ဒရစ် အပါအဝင် ဥရောပရဲ့ အင်အားကြီးအသင်းတွေက တူဟယ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး စပါးနဲ့ ရီးရဲလ်မက်ဒရစ်ကြောင့်ပဲ ဘိုင်ယန်မြူးနစ်က တူဟယ်ကို လက်လွှတ်ရမှာ စိုးရိမ်တဲ့ အတွက် နည်းပြဟောင်း နစ်ဂယ်စမန်းကို ရာထူးကနေ ဖယ်ရှားကာ တူဟယ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့တာပါ။

Photo Credit: 90 Min

တူဟယ်ကလည်း သူဟာ ဘိုင်ယန်မြူးနစ်ကို အကောင်းဆုံး ကိုင်တွယ်နိုင်ကြောင်းကို သူ့ရဲ့ ဘိုင်ယန်နည်းပြဘဝ အဖွင့်ပွဲမှာတင် သက်သေပြခဲ့ပြီး တူဟယ်ဟာ သူ့ရဲ့ အဖွင့်ပွဲမှာ အသင်းဟောင်းလည်းဖြစ် ၊ ဘွန်ဒက်လီဂါ အမှတ်ပေးဇယားကို ဦးဆောင်ထားတဲ့ အသင်းလည်း ဖြစ်တဲ့ ဒေါ့မွန်ကို ရင်ဆိုင်ခဲ့ရပေမယ့် အကောင်းဆုံး ကစားကွက် ၊ အကောင်းဆုံး အခင်းအကျင်းနဲ့အတူ ၄-၂ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

တူဟယ်ရဲ့ ဘိုင်ယန်မြူးနစ်က ဒေါ့မွန်ကို အိမ်ကွင်းမှာ ဂိုးပြတ် အနိုင်ရခဲ့တာကြောင့် သူတို့တွေ လက်လွှတ်ထားရတဲ့ အဆင့်(၁)နေရာကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့သလို ဘိုင်ယန်မြူးနစ်က ဒေါ့မွန်ကို ရမှတ် ၂မှတ် ဖြတ်တောက်နိုင်ခဲ့တာကြောင့် ဘိုင်ယန်မြူးနစ် ပရိသတ်တွေကတော့ တူဟယ်ရဲ့ အစွမ်းနဲ့ သူတို့အသင်းဟာ ၁၁ကြိမ်ဆက် ဘွန်ဒက်လီဂါ ဆုဖလားကို သိမ်းပိုက်နိုင်တော့မယ်လို့ ကြွေးကြော်နေကြပါတယ်။