ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ သောမတ်စ် မူလာက ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ထိပ်တိုက် တွေ့ဆုံနေတဲ့ မန်ချက်စတာ စီးတီးဟာ သူတို့အသင်း အတွက် အရမ်းကို ခက်ခဲတဲ့ ပြိုင်ဘက် ဖြစ်ကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

ဘွန်ဒက်လီဂါရဲ့ လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်နဲ့ ပရီးမီးယားလိဂ်ရဲ့ လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးတို့က ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ လူအင်အား အတောင့်တင်းဆုံး အသင်းတွေ ဖြစ်ကြပြီး သူတို့နှစ်သင်းက ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်မှာ ထိပ်တိုက် တွေ့ဆုံနေကြပါတယ်။

Photo Credit: Bundesliga

ဘိုင်ယန်မြူးနစ်နဲ့ မန်ချက်စတာ စီးတီး နှစ်သင်းစလုံးက သက်ဆိုင်ရာ လိဂ်တွေရဲ့ အကောင်းဆုံးအသင်းတွေ ဖြစ်တာကြောင့် သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံနေတဲ့ ပွဲစဉ်ဟာ ယခုတပတ် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးပွဲ အဖြစ် သတ်မှတ်ခံထားရပါတယ်။

ယနေ့ညမှာတော့ မန်ချက်စတာ စီးတီးနဲ့ ဘိုင်ယန်မြူးနစ်တို့က ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်အဖြစ် မန်ချက်စတာ စီးတီးရဲ့ အိမ်ကွင်း အီတီဟတ်မှာ ရင်ဆိုင် ယှဉ်ပြိုင်ကြမှာ ဖြစ်ပြီး နှစ်သင်းစလုံးက ခြေစွမ်းပိုင်း သိပ်မကွာပေမယ့် အိမ်ရှင် ဖြစ်တဲ့ မန်ချက်စတာ စီးတီးက ဘိုင်ယန်မြူးနစ်ကို အသာစီး ရဖို့ ရာခိုင်နှုန်း များနေပါတယ်။

Photo Credit: Mirror

ဘိုင်ယန်မြူးနစ်ရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ သောမတ်စ် မူလာကလည်း သူတို့အသင်းဟာ မန်ချက်စတာ စီးတီးကို ခက်ခက်ခဲခဲ ရင်ဆိုင် ယှဉ်ပြိုင်ရမယ် ဆိုတာကို ဝန်ခံခဲ့ပါတယ်။ မူလာက – “အချက်အလက်တွေကို ကြည့်ပြီး ပြောရရင် ကျွန်တော်တို့အတွက် မန်ချက်စတာ စီးတီးဟာ ကွာတားဖိုင်နယ်မှာ တွေ့ဆုံနိုင်တဲ့ ပြိုင်ဘက်တွေထဲက အခက်ဆုံး ပြိုင်ဘက်ပါပဲ။ တကယ်လို့ ကျွန်တော်တို့နဲ့ မန်ချက်စတာ စီးတီးက ၁၀ပွဲလောက် ကစားခဲ့မယ် ဆိုရင်တောင် တဖက်ကို ၅ပွဲစီလောက် အနိုင်ရကြပါလိမ့်မယ်။ ကျွန်တော်တို့က ခြေရည်တူပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဘိုင်ယန်မြူးနစ်က ဒီလို ပြိုင်ဘက်မျိုးနဲ့ တွေ့ရတာကို ပျော်နေတာတော့ မဟုတ်ပါဘူး။ ဂွာဒီယိုလာ ဦးဆောင်နေတဲ့ အသင်းတွေနဲ့ ရင်ဆိုင် ကစားရတာကလည်း အရမ်းကို ခက်ခဲပါတယ်။ ဂွာဒီယိုလာ ကိုင်တွယ်တဲ့ အသင်းတွေက တိုက်စစ်ဆင်မှု တခုတိုင်းမှာ သွင်းဂိုး ၁ဂိုး သွင်းယူနိုင်တဲ့ အထိ အားကောင်းပါတယ်။ မန်ချက်စတာ စီးတီးရဲ့ ကစားသမားတွေက တချိန်လုံး ပြိုင်ဘက်ရဲ့ ကွင်းဘက်ခြမ်းမှာ ရွေ့လျားနေပြီး ပြိုင်ဘက်ရဲ့ အားနည်းချက်ကို အခွင့်ကောင်း ယူဖို့ ချောင်းနေကြတာပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။