ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဂျာမနီလက်ရွေးစင်အသင်းတွေရဲ့ အဓိက ကစားသမားကြီးဖြစ်သူ သောမတ်စ်မူလာဟာ လွန်ခဲ့တဲ့ ၂၀၁၅ခုနှစ်ခန့်က သူရဲ့နည်းပြဟောင်း လူးဝစ်ဗန်ဟားလ် ကိုင်တွယ်နေခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဆီကို မြင့်မားလှတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ပြောင်းရွှေ့ဖို့ စီစဉ်ခဲ့ပေမယ့်လည်း မူလာရဲ့ ဇနီးသည်က မူလာကို နိုင်ငံရပ်ခြားမှာ ဘောလုံးကစားဖို့ ဟန်တားပိတ်ပင်ခဲ့တာကြောင့် အပြောင်းအရွှေ့က မဖြစ်ပေါ်လာရခြင်း ဖြစ်တယ်လို့ သိရှိရပါတယ်။

Photo Credit : Bleacher Report

အသက်(၃၂)နှစ်အရွှယ်ရှိ ဂျာမနီလက်ရွေးစင် တိုက်စစ်ကစားသမား မူလာဟာ ဘိုင်ယန်လူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့တဲ့ အရည်အသွေးမြင့် ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၀၈ခုနှစ်ကတည်းကနေ အခုချိန်ထိ ဘိုင်ယန်စီနီယာအသင်းမှာ နှစ်ပေါင်းများစွာ ပါဝင်ကစားလာခဲ့သူလည်း ဖြစ်ပါတယ်။ မူလာဟာ ၂၀၀၉ခုနှစ်ကနေ ၂၀၁၁ခုနှစ်အထိ နာမည်ကျော် နယ်သာလန်လူမျိုးနည်းပြကြီး လူးဝစ်ဗန်ဟားလ်နဲ့ ဘိုင်ယန်အသင်းမှာ လက်တွဲခဲ့ဖူးပြီး ဆုဖလား အောင်မြင်မှုတွေကိုလည်း ရယူနိုင်ခဲ့တာဖြစ်လို့ ဗန်ဟားလ်က ယူနိုက်တက်အသင်းကို ပြောင်းလဲကိုင်တွယ်ချိန်မှာ မူလာနဲ့ စတိုင်ဂျာတို့ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာဖြစ်ပြီး မူလာရဲ့ အပြောင်းအရွှေ့ကတော့ ဖြစ်ပေါ်မလာခဲ့ပဲ စတိုင်ဂျာကိုသာ ခေါ်ယူနိုင််ခဲ့ရပါတယ်။

Photo Credit : The Sun

ဗန်ဟားလ်ဟာ ယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့ချိန်တုန်းက မူလာအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်းတစ်ရာ(ပေါင်၈၄သန်း)နဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပေမယ့်လည်း မူလာဘက်ကနေ ဒီကမ်းလှမ်းချက်ကို ပယ်ချသွားခဲ့ပြီး ဒီလိုပယ်ချခဲ့ရတဲ့ အဓိက အကြောင်းအရင်းက မူလာရဲ့ဇနီးသည်ကြောင့် ဖြစ်တယ်လို့့ နာမည်ကြီး ဂျာမနီသတင်းစာ Blid ကနေ ဖော်ပြသွားခဲ့ပါတယ်။ နည်းပြကြီး ဗန်ဟားလ်ကိုယ်တိုင်ကလည်း သူ့အနေနဲ့ မူလာကို ယူနိုက်တက်အသင်းဆီ ရောက်ရှိလာဖို့အတွက် (၂)ကြိမ်တိုင်တိုင် ကြိုးစားဖူးခဲ့ပြီး မူလညရဲ့ဇနီးသည်ကသာ မူလာကို နိုင်ငံရပ်ခြားမှာ ဘောလုံးကစားခွင့် ပေးလိုက်မယ်ဆိုရင် ဒီအပြောင်းအရွှေ့က သေချာပေါက်ကို ဖြစ်လာနိုင်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါသေးတယ်။ မူလာဟာ အသင်းအပြောင်းအလဲတွေ လုပ်ဆောင်ခြင်းမရှိပဲ သူရဲ့ကလပ်အသင်းနဲ့သာ စာချုပ်သက်တမ်းတိုးမှုတွေကို အကြိမ်ကြိမ် ပြုလုပ်ထားခဲ့သလို လက်ရှိစာချုပ်ကလည်း လာမယ့် ၂၀၂၃ခုနှစ်မှသာ ကုန်ဆုံးမှာဖြစ်ပြီး သက်တမ်းတိုးမှုလည်း ထပ်မံလုပ်ဆောင်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။