MySport Myanmar

လာမယ့်နွေမှာပဲ ဖြစ်ပေါ်လာနိုင်တဲ့ ဘိုင်ယန် နဲ့ မူလာတို့ရဲ့ နွေရာသီ လမ်းခွဲ

ဂျာမနီရဲ့ အထင်ကရ အားကစား သတင်းစာ Sport Blid ရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ငယ်မွေးခြံပေါက် ကစားသမားကြီး သောမတ်စ် မူလာက လာမယ့် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာပဲ ဘိုင်ယန်အသင်းနဲ့ လက်တွဲဖြုတ်သွားဖွယ် ရှိနိုင်တယ်လို့ ဖော်ပြထားခဲ့ပါတယ်။

Photo Credit : Bavarian Football Works

မူလာဟာ အသက် (၁၁)နှစ်သား အရွယ်မှာကတည်းက ဘိုင်ယန် လူငယ် အကယ်ဒမီဆီ ပူးပေါင်းခဲ့တာဖြစ်ပြီး အဲ့ဒီကမှတစ်ဆင့် ဘိုင်ယန် အရန်အသင်းနဲ့ ဘိုင်ယန် စီနီယာအသင်းတွေဆီ တစ်ဆင့်ပြီးတစ်ဆင့် ရောက်ရှိလာခဲ့ပါတယ်။ ဘိုုင်ယန်မှာ ၂၀၀၈ခုနှစ်ကနေ လက်ရှိအချိန်အထိ ဘောလုံးရာသီ (၁၅)ရာသီခန့် ဖြတ်သန်းထားခဲ့တဲ့ မူလာဟာ ဘိုင်ယန်မှာပဲ သူရဲ့ ဘောလုံးသမားဘဝကို အဆုံးသတ်လိမ့်မယ်လို့ အားလုံးက ယူဆထားနေပေမယ့်လည်း မူလာကိုယ်တိုင်ကတော့ လာမယ့်နွေမှာပဲ ဘိုင်ယန်နဲ့ လက်တွဲဖြုတ်ပြီး အသင်းသစ် တစ်သင်းဆီ အပြောင်းအရွှေ့ လုပ်ဆောင်သွားချင်နေပါတယ်။

Photo Credit : Eurosport

တိုက်စစ် နေရာအစုံမှာ လိုက်ပါ ကစားနိုင်သူဖြစ်လို့ attacking all-rounder လို့ပါ တင်စား ခေါ်ဆိုရမယ့် မူလာဟာ မန်စီးတီးအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ် နှစ်ကျော့လုံး စုစုပေါင်း (၃၁)မိနစ်လေးသာ ကစားထားရခြင်း ဘိုင်ယန်ရဲ့ နောက်ဆုံး (၂)ပွဲဆက်တိုက် လူစားဝင် ကစားသမားအဖြစ်နဲ့ ပါဝင်ထားရခြင်းတွေအပေါ် လုံးဝ သဘောကျခြင်း မရှိတော့တာကြောင့် အသင်းနဲ့ လမ်းခွဲဖို့ စဉ်းစားလာခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : History of Soccer

မူလာဟာ လက်ရှိမှာ ဘိုင်ယန် နည်းပြ သောမတ်စ် တူဟယ်လ်လက်အောက် ပုံမှန် ပွဲကစားခွင့်တွေ နည်းပါးနေမှုနဲ့ အသင်းဘက်က သူ့အပေါ် တန်ဖိုးထားမှု နည်းပါးနေခြင်းတွေကို စိတ်ပျက်နေတာကြောင့် ဘိုင်ယန်မှာ ဆက်နေပြီး ကစားသမားဘဝကို အဆုံးသတ်ဖို့ထက် (၁)နှစ် (၂)နှစ်လောက် အခြား ကလပ်အသင်း တစ်သင်းသင်းမှာသာ သွားရောက် ကစားဖို့ ဆန္ဒရှိလာခဲ့ပါတယ်။ မူလာကတော့ ဘွန်ဒစ်လီဂါပြင်ပ ကလပ်အသင်းတွေဆီသာ ပြောင်းရွှေ့လိုနေပြီး သူ့ကို ဆော်ဒီ နဲ့ မေဂျာလိဂ်က ကလပ်အသင်းတွေ အပြိုင်အဆိုင် ကမ်းလှမ်းကြဖွယ် ရှိလာနိုင်ပါတယ်။

Exit mobile version