MySport Myanmar

လက်ရှိ ပရီးမီးယားလိဂ်မှာ ချယ်လ်ဆီးက အကောင်းဆုံးပဲလို့ ဘရန့်ဖို့ဒ်နည်းပြ ဆို

ဘရန့်ဖို့ဒ်အသင်းရဲ့ နည်းပြဖြစ်သူ သောမတ်စ် ဖရန့်က လက်ရှိ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ချယ်လ်ဆီးအသင်းက အကောင်းဆုံးအသင်း ဖြစ်ကြောင်းနဲ့ အမှတ်ပေးဇယားထိပ်က လီဗာပူးလ်ထက်လည်း ပိုမိုကောင်းမွန်တယ်လို့ မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။

အန်ဇို မာရက်စ်ကာရဲ့ ချယ်လ်ဆီးအသင်းဟာ ဒီရာသီထဲ ပရီးမီးယားလိဂ် (၁၅)ပွဲ ကစားပြီးထားချိန်မှာ နိုင်ပွဲ (၉)ပွဲ သရေပွဲ (၄)ပွဲ ရှုံးပွဲ (၂)ပွဲ ရမှတ် (၃၅)မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့်(၂)နေရာထိတောင် ရပ်တည်ထားနိုင်သလို ဇယားထိပ်က လီဗာပူးလ်နဲ့လည်း (၁)ပွဲပိုကစားထားကာ (၄)မှတ်ကွာဟနေပါတယ်။

Photo Credit : Goal

နောက်ဆုံး ကစားထားတဲ့ ပရီးမီးယားလိဂ် (၄)ပွဲဆက်တိုက်အထိ နိုင်ပွဲရထားခဲ့တဲ့ ချယ်လ်ဆီးဟာ ကွန်းဖရန့်စ်လိဂ်မှာဆိုရင်လည်း ရာနှုန်းပြည့် နိုင်ပွဲတွေနဲ့အတူ (၁၆)သင်းအဆင့်ထိ တက်လှမ်းထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အခု တစ်ပတ်မှာတော့ ချယ်လ်ဆီးက တနင်းလာနေ့ညမှာ ဘရန့်ဖို့ဒ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၆)အဖြစ် ကစားသွားရပါမယ်။

အိုင်ဗန် တိုနေးလို အားထားရတဲ့ တိုက်စစ်မှူးကို လက်လွတ်ထားရတဲ့ ဘရန့်ဖို့ဒ်ဟာ ဒီရာသီထဲ ဘယ်လိုမှ မထင်ထားလောက်အောင် တိုက်စစ်ပိုင်း အားကောင်းလို့နေပြီး လက်ရှိမှာ ချယ်လ်ဆီးပြီးရင် ပရီးမီးယားလိဂ်ရဲ့ တိုက်စစ် အကောင်းဆုံးအသင်းအဖြစ် စပါးအသင်းနဲ့အတူ ရပ်တည်နေကာ (၃၁)ဂိုး သွင်းယူထားနိုင်ပါတယ်။

Photo Credit : Brentford FC

ဒီတစ်ပတ်ထဲ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ချယ်လ်ဆီးနဲ့ ရင်ဆိုင်ရတော့မယ့် ဘရန့်ဖို့ဒ်အသင်းရဲ့ နည်းပြ ဖရန့်က ချယ်လ်ဆီးနဲ့ ပတ်သက်ပြီး “အသင်းကောင်းနှစ်သင်းရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ပွဲတစ်ပွဲကို ကျွန်တော် မျှော်လင့်ပါတယ်။ သူတို့အသင်းဟာလည်း လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်းလည်း ဖြစ်နိုင်ပါတယ်။”

“သူတို့က အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ လီဗာပူးလ်အသင်းထက်တောင် ပုံစံကောင်းတွေ ပိုရှိနိုင်ပါတယ်။ သူတို့အသင်းက မယုံနိုင်လောက်အောင် ကစားပြနေပြီးတော့ နည်းပြကောင်းတစ်ဦးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ အန်ဇိုကလည်း သူရဲ့ နည်းပြအဖွဲ့ဝင်တွေနဲ့အတူ ထိပ်တန်း အလုပ်တစ်ခုကို အကောင်းဆုံး လုပ်ဆောင်နေပြီးတော့ သူတို့အသင်းဟာလည်း အလွန် အန္တရာယ်များပုံ ရပါတယ်။” လို့ မှတ်ချက်ပြု ပြောဆိုလိုက်ပါတယ်။

Exit mobile version