MySport Myanmar

ရာယာကို ဆက်ထိန်းဖို့ ချန်ပီယံလိဂ်ဝင်ခွင့် လိုအပ်နေပြီလို့ ဘရန့်ဖို့ဒ်နည်းပြ အရွန်းဖောက်

ဘရန့်ဖို့ဒ်အသင်းရဲ့ နည်းပြဖြစ်သူ သောမတ်စ်ဖရန့်က အသင်းရဲ့ အဓိက ဂိုးသမားဖြစ်သူ ဒေးဗစ်ရာယာကို အသင်းမှာ ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့အတွက် ချန်ပီယံလိဂ်ဝင်ခွင့် လိုအပ်နေပြီလို့ ဟာသနှောကာ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

စပိန်လက်ရွေးစင် ဂိုးသမား ရာယာဟာ လာမယ့် ၂၀၂၄ခုနှစ်မှာ ဘရန့်ဖို့ဒ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး သူရဲ့အခြေအနေကိုလည်း ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်အသင်းတွေဖြစ်တဲ့ မန်ယူနိုက်တက် ချဲလ်ဆီးနဲ့ စပါးတို့ကလည်း စောင့်ကြည့်နေပါတယ်။ အသက်(၂၇)နှစ်အရွယ် စပိန်ဂိုးသမားကို ဘရန့်ဖို့ဒ်ဘက်က စာချုပ်သစ် ချုပ်ဆိုသွားဖို့ ကြိုးပမ်းလျက် ရှိနေပေမယ့်လည်း အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှု နှစ်ကြိမ်တိုင်တိုင်ကိုပါ ပယ်ချထားခဲ့တာကြောင့် သူ့ကို အသင်းမှာ ဆက်ထိန်းထားဖို့ဆိုတာ အလွန်ခက်ခဲနေရပါတယ်။

Photo Credit : Daily Mail

ဂိုးသမား ရာယာနဲ့ ပတ်သတ်ပြီး နည်းပြဖရန့်က “ကျွန်တော်တို့ ချန်ပီယံလိဂ်ဝင်ခွင့်ကို လိုအပ်တယ်လို့ ကျွန်တော် ထင်မိတယ်။ ဒါမှပဲ သူက ကျွန်တော်တို့နဲ့ စာချုပ်သက်တမ်းတိုးဖို့ကို သူ စဉ်းစားပါလိမ့်မယ်။ ကျွန်တော်က ရာယာကို အရမ်း သဘောကျပါတယ်။ သူက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတွေထဲက တစ်ယောက် ဖြစ်တယ်လို့ ကျွန်တော် တကယ် ယုံကြည်တယ်။ တစ်သင်းသင်းက သူ့ကို ခေါ်ယူဖို့ ကမ်းလှမ်းလာမယ်ဆိုရင်တော့ သူက အရမ်း ဈေးကြီးနေပါလိမ့်မယ်။ ကျွန်တော့်အတွက်ဆိုရင် သူ့တန်ကြေးက ပေါင်သန်း(၄၀)+အပိုဆုကြေးပါပဲ။ ဒါနဲ့ ပတ်သတ်ပြီး သံသယမရှိပါဘူး။ ဘာတွေပဲဖြစ်လာဖြစ်လာ သူ့နေရာမှာ အစားထိုးနိုင်မယ့် ကစားသမားကို ကျွန်တော်တို့ ရှာဖွေနိုင်မှာပါ။ ဘယ်လို အခြေအနေမျိုးအတွက်မဆို ကျွန်တော်တို့ ပြင်ဆင်ထားပါတယ်” လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

လက်ရှိမှာတော့ ဘရန့်ဖို့ဒ်အသင်းအနေနဲ့ သူတို့ ဂိုးသမား ရာယာကို အသင်းမှာ ဆက်ပြီး ထိန်းထားနိုင်ဖို့ ဘယ်လိုမှကို မလွယ်ကူတော့ပဲ လာမယ့်နွေမှာ ဂိုးသမားသစ် ဖြည့်တင်းဖို့ လိုအပ်နေတဲ့ မန်ယူနိုက်တက်နဲ့ စပါးအသင်းတွေဆီ ပြောင်းရွှေ့ဖွယ်သာ ရှိနေရပါတယ်။

Exit mobile version